နောင်မွန်အစွန်အဖျားဒေသမှာ ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်
ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ် အစွန်အဖျားကျေးရွာတွေမှာ ဆန်တစ်အိတ်ကို ကျပ် ၁၅ သိန်းကနေ ၁၆ သိန်းအထိ ပေးဝယ်နေရပြီး အရင်နှစ်တွေထက် ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်မွန်မြို့ကနေ ခြေလျင် ၈ ရက်ကနေ ၁၀ ရက်အထိ သွားရတဲ့ ဆန်ဒမ်း၊ ငါဝါ၊ တဇုံဒမ်း၊ ဂဝိုင်၊ တဆူထု၊ ခရောင်း၊ တလာထုနဲ့ မဒိန်းကျေးရွာတွေမှာ ဆန်တစ်အိတ်ကို ကျပ် ၁၅ သိန်းကနေ ၁၆ သိန်းအထိ ပေးဝယ်နေရတာဖြစ်ပါတယ်။
နောင်မွန်မြို့ပေါ်မှာ ဆန်တစ်အိတ်ကို ကျပ် ၂ သိန်း ၂ သောင်းဝန်းကျင်သာ ရှိပေမဲ့ အစွန်အဖျားကျေးရွာတွေအထိ သယ်ယူဖို့ အထမ်းခတစ်ရက်ကို ကျပ် ၁ သောင်းပေးရတဲ့အပြင် လမ်းခရီးစားစရိတ်နဲ့ ဆေးဝါးစရိတ်တွေပါ ထပ်ပေါင်းရတာကြောင့် ဈေးအဆမတန် မြင့်တက်လာတာလို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“နောင်မွန်မြို့ပေါ်မှာတော့ ဆန်က ဈေးပေါတယ်။ တစ်အိတ်မှ ၂ သိန်းကျော်ပဲ။ ဒါပေမဲ့ ဒီဘက်ရွာတွေရောက်ဖို့ လမ်းမှာ ၁၀ ရက်လောက် ကြာတယ်။ အထမ်းသမားကို တစ်ပိဿာ တစ်ရက် ကျပ် ၁ သောင်းပေးပြီး ထမ်းခိုင်းရတာ။ အဲဒါကြောင့် ဒီဘက်မှာ ဆန်တစ်အိတ် ၁၅ သိန်း၊ ၁၆ သိန်းအထိ ပေးဝယ်နေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကျေးရွာတွေဟာ တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံမြောက်ဘက်အစွန်အဖျားမှာ တည်ရှိပြီး ဆိုင်ကယ်လမ်း၊ လားလမ်း မရှိတဲ့အတွက် ကုန်ပစ္စည်းတွေကို ခြေလျင်နဲ့သာ သယ်ယူနေရတာပါ။
ဒါ့အပြင် အေးမြတဲ့ရာသီဥတုနဲ့ ကျောက်ဆောင်ထူထပ်တဲ့ မြေမျက်နှာသွင်ပြင်ကြောင့် စပါးစိုက်ပျိုးဖို့ မဖြစ်နိုင်ဘဲ ဆန်ကို နှစ်စဉ် နောင်မွန်မြို့ကနေ ဝယ်ယူစားသုံးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိဘက်နဲ့နီးတော့ အရမ်းအေးတယ်။ ရေခဲတွေနဲ့ နှင်းတွေ အမြဲရှိတယ်။ စပါးစိုက်စားဖို့ နေရာမရှိဘူး။ အဲဒါကြောင့် ဒီဘက်မှာ လူးတို့၊ ဆပ်တို့ပဲ စိုက်စားကြတယ်။ ဆန်ကတော့ နှစ်တိုင်း ဝယ်စားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပန်နန်းဒင်၊ တလာထုနဲ့ တဆူထုဒေသတွေမှာ ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း ဆန်တစ်အိတ်ကို အမြင့်ဆုံး ကျပ် ၁၀ သိန်းဝန်းကျင်အထိသာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကျပ် ၁၆ သိန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။
အဲဒီဒေသတွေမှာ လယ်ယာစိုက်ပျိုးရေးနဲ့ အခြားစီးပွားရေးအခွင့်အလမ်း နည်းပါးတာကြောင့် ရေခဲတောင်ထွက် ဘေချီ၊ မချစ်ဥ၊ ဂျင်ဆင်း၊ ခန်းတောက်မြစ်နဲ့ ကတိုး စတဲ့ တောထွက်ပစ္စည်းတွေ ရှာဖွေရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုနေကြရတယ်လို့ သိရပါတယ်။
By – Zaw Zaw




