ထီးချိုင့်နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေပါ တိမ်းရှောင်ဖို့ပြင်ဆင်နေ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ထီးချိုင့်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ပြင်းထန်လာနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က မနေ့ကညနေ ပိုင်းမှာတော့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေဟာ ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယ်အစပ် ကျောက်မှော်၊ နတ်အင်းကျေးရွာအနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတာဖြစ်ပြီး ထီးချိုင့်ဘက်ကနေ ကသာမြို့နယ်ဘက်ကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ တွေ ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ၃ နာရီလောက် ရဟတ်ယာဉ်နဲ့ ပစ်နေတာ။ ထီးချိုင့်နယ် နတ်အင်းရွာဘက်ကို။ ရွာသားတွေရော ထိတယ်ကြားတယ်။ ပစ်တာက တော်တော်ကြာတယ်ဗျာ”လို့ ထီးချိုင့်နဲ့ ကသာမြို့နယ်အစပ်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ကသာမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ကျောက်ပုံ၊ ကလုံနဲ့ သံပုရာ ကျေးရွာတစ်ဝိုက်မှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသခံအများစု နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာတော့ ကျောက်ပုံ၊ ကလုံ တဝိုက်ကိုရောက်လာတဲ့ စစ်ကြောင်းကတော့ ကသာနယ်ထဲကိုပြန်ဆုတ်သွားပြီလို့ သိရပါတယ်။

PSA

အဲဒီတိုက်ပွဲတွေဖြစ်ပွားပြီးနောက် ထီးချိုင့်မြို့နယ်ဘက်မှာပါ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပွားလာတာကြောင့် ကသာမြို့နယ်အတွင်းက ကျေးရွာတွေအပြင် ထီးချိုင့်နဲ့ ကသာအစပ်က ဒေသခံတွေပါ စစ်ရေးအခြေအနေကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောက်မှော်နဲ့ နတ်အင်းကျေးရွာဘက်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြသလို ကသာမြို့နယ်အတွင်းက အရပ်သားတွေလည်း အရေးပေါ်ထွက်ပြေးနိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပြေးဖို့ပြင်ထားပြီ။ ကျောက်မှော်၊ နတ်အင်းတော့ ရှောင်နေကြပြီ။ ကသာနယ်ထဲက အရပ်သားတွေလည်း ပြင်ထားကြပြီ။ ညတွေလည်း ကောင်းကောင်းမအိပ်ရဲကြဘူး။ လေကြောင်းက တအားပျံတော့လေ”
လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေထက် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တာကို ပိုမိုစိုးရိမ်နေကြပြီး ညအချိန် တွေမှာလည်း လေယာဉ်ပျံသန်းသံတွေကြောင့် စိတ်အေးလက်အေး အိပ်စက်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါဒေသတစ်ဝိုက်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုတော့ လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် မြေပြင်အခြေအနေကို အချိန်နဲ့တပြေးညီ သိရှိဖို့လည်း ခက်ခဲနေပါတယ်။

လက်တလော ကသာနဲ့ထီးချိုင့်ဒေသတွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ စစ်တပ်ရဲ့စစ်ကြောင်းတွေစစ်ရေးလှုပ်ရှားလာတာ ကြောင့်ဖြစ်ပြီး ဒီစစ်ကြောင်းတွေဟာ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက တိုက်ပွဲပြင်းထန်နေတဲ့ မော်လူးဒေသတွေကိုစစ်ကြောင်း ဆက်ထိုးဖို့ဦးတည်တာဖြစ်နိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကခန့်မှန်းကြပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button