နမ္မတူ

  • Jul- 2024 -
    19 July
    သတင်း

    TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ

    ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့  KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ နမ်လာ(namlalawk)ရပ်ကွက် မနောမြေစားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦးကို TNLA တပ်ဖွဲ့က ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရိုက်နှက်ဖမ်းဆီးသွားရာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင် ပြန်လွတ်လာပြီလို့ ဒေသခံတစ်ဦးက  KNG ကိုပြောပါတယ်။ “လူငယ်တွေ ပြန်လွတ်လာပြီ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လွတ်ပေးတယ်။ သတင်းတွေတက်လာတာကြောင့်ဖြစ်မယ်။ သူတို့က ပြန်လာခေါ်ယူခိုင်းလိုက်တယ်။”  လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။ လူငယ် ၆ ဦး ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၁၆ ရက်နေ့ နမ္မတူက ရပ်မိရပ်ဖတွေနဲ့ မိသားစုဝင်တွေ တွေ့ဖို့လိုက်သွားပေခဲ့ပေမဲ့ TNLA က မပေးတွေ့ပဲ ဇူလိုင် ၁၈ ရက်နေ့လာတွေ့ဖို့ ပြောခဲ့တာဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ည KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး TNLA က နမ္မတူမြို့ တည်းခိုခန်းတစ်ခုကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လွတ်ပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်တွေနည်းတူ လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA က ဇွန်လ ၉ ရက်နေ့မှာဖမ်းဆီးသွားပြီး တစ်လအကြာ ဇူလိုင် ၁၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့ပါတယ်။  ဒေသခံတွေပြောဆိုချက်အရ ဖမ်းဆီးခံပြည်သူတွေ TNLA လက်မှ ပြန်လည်လွတ်မြောက်လာတာဟာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့်လည်း ပါဝင်တယ်လို့ ပြောဆိုကြပါတယ်။ “သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှု၊ အသံထွက်မှုကြောင့် အများပြည်သူသိလာရခြင်းကြောင့် ပြန်လွတ်မြောက်လာခြင်းဖြစ်တယ်။ သတင်းမီဒီယာရဲ့ တစ်ဖက်တစ်လမ်းပါဝင်မှုအားဖြင့် ကျနော်တို့ ဒေသခံပြည်သူတွေကို တတ်နိုင်သလောက် ဆက်လက်ဝိုင်းဝန်းကာကွယ်ကြရအောင်။”လို့ ရှမ်းမြောက်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာက ကချင်အမျိုးသမီးတစ်ဦးကို ကိုးကန့် MNDAA က ဖမ်းဆီးသွားပြီး တစ်လကြာ ချူပ်နှောင်ထားပြီးနောက် ဇွန်လ ၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရပ်သားပြည်သူတွေကို တပ်သားသစ်အဖြစ်ရိုက်နှက်ဖမ်းဆီးတာ၊ဖမ်းဆီးခံရပြီး လက်လွန်အသက်သေဆုံးတာ၊ လူသူမသိ ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တဲ့ဖြစ်စဉ်တွေမကြာခနကြုံတွေ့နေကြရပြီး ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတာလည်း ဖြစ်ပါတယ်။   By – ဂျာဘောက်ရာ

    Read More »
  • 17 July
    သတင်း

    TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး

    လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ် ၆ ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ ၊ နမ်လာ(Namlalawk)ရပ်ကွက် ၈ ရှိ စားသောက်ဆိုင်တစ်ခုမှာရှိနေတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူငယ် ၆ ဦးကို ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ  တအာင်းလွတ်မြောက် TNLA တပ်ဖွဲ့က ရိုက်နှိက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတွေ ပြောပါတယ်။ “အဲဒီညက ၉ နာရီနဲ့ ၁၀ နာရီကြားမှာ  သူတို့က မနောမြေစားသောက်ဆိုင်မှာ စားသောက်ရင်း TNLA ပလောင်အကြောင်း ပြောမိဆိုမိကြပုံပဲ။ အဲလိုပလောင် TNLA မကောင်းကြောင်းပြောတော့ ဘေးနားက TNLA လူတွေက ဟိုဘက်ကို ဖုန်းဆက်ခေါ်လိုက်ပုံပဲ။ အဲဒီနောက် ဟိုအိမ်ခြံဝင်းလုပြီး ဂိတ်ဆောက်လိုက်တဲ့နေရာက TNLA တပ်သားတွေနဲ့ TNLA ရဲတပ်ဖွဲ့တွေရောက်လာပြီး အဲဒီလူငယ်တွေကို ဆိုင်ပြင်ခေါ်ထုတ်ပြီး ဝါးလုံး၊ တုတ်တွေနဲ့ ရိုက်လိုက်၊ ကန်လိုက် အတကုန်ရိုက်နှိက်ပြီး အချူပ်ဘက် ခေါ်သွားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ TNLA ကရိုက်နှက်ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်ပြီး ၃ ဦးကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းနဲ့ မြို့ထဲရောက်တုန်း သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေချိန် ရိုက်နှက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆက်လက်သိရပါတယ်။ အဲဒီလူငယ်တွေဖမ်းခံရပြီး နောက်နေ့ ဇူလိုင် ၁၆ ရက်နေ့မှာ မိသားစုဝင်တွေ နဲ့ ရပ်မိရပ်ဖိတွေ သွားတွေ့ဖို့ လိုက်သွားပေမဲ့ TNLA ဘက်က တွေ့ခွင့်မပေးပဲနောက် ဇူလိုင် ၁၈ ရက်နေ့လောက်မှာ ပြန်လာတွေ့ဖို့ ပြောလိုက်တယ်လို့ ဆိုပါတယ်။    “ကျနော်စဉ်းစားမိတာတစ်ခုက သူတို့ခြေလွန်၊လက်လွန် အတကုန်ရိုက်နှက်မိလိုက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလို့ မပေးတွေ့တာလားလို့ တွေးမိတယ်။ အခုသူတို့ကို နမ္မတူအချူပ်ထောင်မှာဖမ်းထားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက  ဆက်ပြောပါတယ်။   လူငယ်တွေကို ဘာကြောင့် ရိုက်နှက်ဖမ်းဆီးထားရကြောင်းနဲ့ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့နဲ့ နမ္မတူမြို့ရှိ TNLA တာဝန်ရှိသူတစ်ချို့ကို KNG သတင်းဌာနက ဆက်သွယ်ကြိုးစားနေပေမဲ့ လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က နမ္မတူမြို့ထဲမှာ ဝင်ရောက်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်ဖွဲ့ဝင် ၁၀ ဦးကို TNLA က ဖမ်းဆီးသွားပြီး နောက်နေ့မှာပဲ သက်ဆိုင်ရာ KIA လူကြီးတွေလာရောက်တွေ့ဆုံ ဆွေးနွေးပြီး ပြန်လည်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ KIA တပ်ဖွဲ့ဝင်တွေကို TNLA ရဲ့ ခွင့်ပြုခြင်းမရှိပဲ နမ္မတူမြို့ထဲ ဝင်ခွင့်မပြုတာတွေ၊ KIA တွေကို ဝတ်စုံယူနီဖောင်းနဲ့ မြို့တွင်းဝင်ခွင့်မပြုပဲ ဂိတ်မှာတားဆီးပိတ်ပင်တာတွေကို TNLA ပြုလုပ်နေကြောင်း တွေ့မြင်တဲ့ ဒေသခံတွေက KNG သတင်းဌာနကို ပြောပါတယ်။ နမ္မတူမြို့ထဲမှာ ဒေသခံကချင်အမျိုးသမီး မုဆိုးမသားအမိရဲ့ အိမ်ခြံဝင်းကို TNLA က အတင်းအဓ္ဓမ သိမ်းယူပြီး ဂိတ်တည်ဆောက်လိုက်ကာ တပ်ချလိုက်တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာတင်ဖြစ်ပွားခဲ့ပါတယ်။ “နမ္မတူမြို့ထဲက ဒေသခံလူမျိုးပေါင်းစုံပဲ။အားလုံးပြောဆိုနေကြတာက ကျနော်တို့လိုချင်တာက ဒီမိုကရေစီဖြစ်တယ်။ ဒါပေမဲ့ သူတို့ ကွန်မြူနစ်ပုံစံလုပ်နေတယ်။ ဆိုတော့ ဒီ TNLA နဲ့ ပြည်သူလူထုတွေ တစ်နေ့တော့ ထိတွေ့ရမဲ့အချိန်ရောက်အုံးမယ်လို့ ခံစားနေကြတယ်။ အရင်က စကစထက် ပိုကြမ်းတမ်းတယ်။ ပိုကြပ်တယ်၊ အခွန်လည်းအရမ်းကောက်တယ်။ သွားလာရေးမှာလည်း လွတ်လပ်မှုမရှိဘူး။ ပိုအသက်ရှူကြပ်သလိုခံစားရတာလို့ အားလုံးပဲပြောနေကြတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တွေဘက်က သိမ်းယူထိန်းချူပ်နေတဲ့ မြို့နယ်တွေမှာ ဒေသခံပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား အဆင်မပြေမှုတွေ၊  TNLA နဲ့ ကိုးကန့် MNDAA တွေရဲ့ အုပ်ချူပ်မှုပုံစံအပေါ်  ပြည်သူတွေ ဝေဖန်ပြောဆိုနေတာတွေ များစွာ ရှိနေတာလည်းဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 11 July
    သတင်း

    TNLA ဖမ်းဆီးသွားတဲ့  KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ

    ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်မှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ KIO အရာရှိတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၀ ရက် မနေ့ည ၁၁ နာရီကျော် နမ္မတူမြို့ မောချယ်ရီတည်းခိုခန်းမှာလာရောက်တည်းခိုတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို တအာင်းတပ်မတော် TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒီနေ့မနက် မိုးမိတ်ဘက်က သက်ဆိုင်ရာ KIA အရာရှိတွေရောက်လာပြီး နှစ်ဖက်တပ်ဖွဲ့အကြားတွေ့ဆုံညိနှိုင်းခဲ့ရာ ပြေလည်သွားတာကြောင့် မွန်းလွဲပိုင်း ၁ နာရီခွဲမှာ ပြန်လွတ်ပေးပြီဖြစ်တယ်လို့ နမ္မတူဒေသတာဝန်ခံ KIO အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို ခုလိုပြောပါတယ်။ “အားလုံး ၁၀ ယောက်ဖြစ်တယ် မနေ့ည ၁၁ နာရီကျော်မှာဖမ်းသွားတယ် ဖမ်းခံရချိန် ဒို့ဘက်က အရာရှိလည်းပါတော့ သူတို့ကို ပြောတော့ပြောပေမဲ့ သူတို့မသိလို့ထင်တယ်။ KIA တပ်ဖွဲ့ဝင်တွေဟုတ်မှန်း သူတို့သိပ်မယုံလိုက်လို့ ထင်တယ်။ အခုဒီနေ့တော့ အချင်းချင်းသက်ဆိုင်ရာတွေ တွေ့ဆုံကြပြီး ၁ နာရီ ၂၁ မိနစ်မှာ ပြန်လွတ်ပေးပြီ။” လို့ နမ္မတူဒေသ တာဝန်ရှိသူ KIO အရာရှိတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ မိုးမိတ် KIA တပ်ရင်း ၁၄ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေနတ်တိုပါတဲ့အကြောင်းပြချက်နဲ့  TNLA ဘက်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောဆိုကြောင်း သူက ဆက်ပြောပါတယ်။   ဒါ့အပြင် ဖမ်းဆီခံရချိန် KIO၊KIA အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သက်သေပြပြောဆိုတာတွေရှိခဲ့ပေမယ့်  TNLA ဘက်က မြို့တွင်းပုံမှန်စစ်ဆေးရေးလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွင်း ဖမ်းဆီးမိလိုက်ခြင်းသာဖြစ်တယ်လို့ ပြောဆိုပြီး အချင်းချင်းပြေလည်သွားပြီဖြစ်တယ်လို့  KIO အရာရှိဘက်က အခုလို ဆက်ပြောပါတယ်။  “သူတို့လည်း ဒို့လူဖြစ်မှန်းသေချာသိပြီဆိုတော့ ဒို့ဆီကို ပြန်အပ်ပေးတယ်။ အချင်းချင်း ပြေလေအောင် အဆင်ပြေအောင် ၊ အချင်းချင်းပြဿနာတွေ ထပ်မပွားအောင် ပြုလုပ်ကြတာဖြစ်တယ်။ TNLA ဘက်ကလည်း အမြဲတမ်းပုံမှန်လုပ်ဆောင်နေတဲ့ လုပ်ငန်းအတွင်း ဖမ်းဆီးမိလိုက်တယ်လို့ ပြောပါတယ်။ ည ည ဆို သူတို့လည်း အဲလို တည်းခိုခန်းတွေမှာ ပုံမှန်စစ်ဆေးတာတော့ရှိတယ်ပြောတယ်။” လို့ ပြောပါတယ်။  တစ်ဖက်မှာလည်း ဒေသခံတချို့ သုံးသပ်ပြောဆိုတာကတော့ နမ္မတူမြို့ထဲကို KIO/KIA တပ်ဖွဲ့ဝင်တွေ ခွင့်မရှိပဲဝင်လာတာကြောင့် TNLA ဘက်က ဖမ်းဆီးခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ နမ္မတူမြို့ကို TNLA ဘက်က ထိန်းချူပ်ထားပြီးနောက် မြို့အဝင်ဂိတ်မှာ KIA/KIO တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းဝတ်စုံနဲ့ ဝင်ခွင့်မပြုပဲ  တာဆီးပိတ်ပင်မှု ပြီးခဲ့တဲ့လတွေမှာလည်း ရှိခဲ့ပါတယ်။ နမ္မတူမြို့နဲ့ မန်တုံဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့အချင်းချင်း နယ်မြေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ်  အချင်းချင်းပြေလေအောင် ကြိုးစားနေတဲ့အခြေအနေမှာရှိတယ်လို့ နှစ်ဖက်တပ်ဖွဲ့က ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Mar- 2024 -
    26 March
    သတင်း

    TNLA တပ် အတင်းအဓ္ဓမသိမ်းယူထားတဲ့ အိမ်ခြံမြေကွက်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေတောင်းဆိုနေ

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အိမ်ရှင်ရဲ့သဘောတူညီမှုမပါဘဲ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က အိမ်ခြံမြေအတင်းသိမ်းယူပြီး ဂိတ်စခန်းတည်ဆောက်လိုက်တာ ၃ လခန့်ရှိလာပြီဖြစ်ပေမယ့် လက်ရှိချိန်ထိ ဖြေရှင်းပေးတာမရှိသေးတဲ့အတွက် တရားနည်းလမ်းကျကျ အမြန်ဆုံးဖြေရှင်းပေးဖို့ အိမ်ရှင်တွေက တောင်းဆိုနေပါတယ်။ နမ္မတူမြို့ ရက်ကွက် ၈ က ဒေါ်ပေါင်ဆာရွယ်ရဲ့အိမ်ခြံဝင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက TNLA တပ်ဖွဲ့တွေဟာ အိမ်ရှင်တွေကိုအသိပေးညှိနှိုင်းတာတွေမလုပ်ဘဲ အိမ်ရှင်တွေမရှိတဲ့အတောအတွင်းအိမ်ခြံမြေကို သိမ်းယူပြီးမြေတူးဆွကာ ဂိတ်စခန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂိတ်စခန်းတည်ဆောက်ပြီးတပ်စွဲနေထိုင်နေပြီဖြစ်ပေမဲ့  သိမ်းယူထားတဲ့ မြေကွက်ရဲ့နစ်နာကြေးတစ်စုံတစ်ရာမပေးသေးတဲ့အတွက် အိမ်ရှင်တွေဘက်က အမြန်ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ “အခုချိန်ထိ ဘာမှကိုဖြေရှင်းတာတွေမလုပ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှကိုမပြောလာတော့ဘူး ခေါ်လည်းမခေါ်လာတော့ဘူး။ ကျမတို့ ခြံဝင်းမှာ သူတို့က တပ်စခန်း တည်ဆောက်လို့ပြီးလို့ အိမ်တောင် ၂ အိမ်လောက်ဆောက်လုပ်ထားတယ်။ တပ်စခန်းလုပ် ဂိတ်လုပ်ပြီး အထိုင်ချပြီးနေနေတယ်။ ဒီပြသနာကို ကျေနပ်မှုရှိအောင် အမြန်ဖြေရှင်းပေးစေချင်ပေမဲ့ ဘယ်လိုလုပ်ရမယ်မသိတော့ ဒီလိုပဲ တိတ်တိတ်လေးပြီးသွားမလား စိုးရိမ်ပြီးပဲ နေနေရတာပေါ့။ အမြန်ရအောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုချင်တယ်”အိမ်ခြံပိုင်ရှင်ဘက်က ပြောပါတယ်။ NLA သိမ်းယူလိုက်တဲ့ အဲဒီမြေကွက်ဟာ အလျားအနံ စုစုပေါင်းပေ ၅၀၀ ကျော်ရှိပြီး အဲဒီမြေကွက်ထဲကနေ သဲကျောက်ကားအစီး ၁၀၀ ကျော်ထွက်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်တွေရဲ့သဘောတူညီမှုမပါပဲ သိမ်းယူထားတဲ့မြေကွက်အတွက် အိမ်ခြံရှင်ဘက်က နစ်နာကြေး သိန်း ၅,၀၀၀ တောင်းခဲ့ပေမဲ့ TNLA ဘက်က အိမ်ရှင်ဘက်ကတောင်းဆိုသလောက်မပေးနိုင်တာကြောင့် ပြီးခဲ့တ့ ဖေဖော်ဝါရီလထဲမှာပဲ မြေဧက အလျားအနံတွေတိုင်းထွာပြီး ကျသင့်တဲ့ငွေပမာဏပေးမယ်လို့ TNLA ဘက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၃ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပေမယ့် ငွေကြေးတစ်စုံတစ်ရာပေးချေမှုမရှိဘဲ ဂိတ်စခန်းတည်ဆောက်ပြီးစီးပြီး တပ်ချနေပြီလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA နမ္မတူမြို့ အုပ်ချုပ်ရေးမှူး တာမောင်ဂို ကို KNG ကချင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ TNLA ဘက်က မြေဧကအတွက် ကျပ်ငွေသိန်း ၁၅၀ ပေးဖို့ အထက်ကို တင်ပြထားတာငွေမကျလာသေးတာကြောင့် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။  “အောက်ကတော့ ကျနော်တို့ ညှိနှိုင်းပြီးပြီ စျေးလည်းပြောထားပြီးပြီ။ သတ်မှတ်ထားတာတော့ သိန်း ၁၅၀ ပေါ့ စာတော့တင်ထားတယ် မကျလာသေးလို့လေ။ သတ်မှတ်ထားပြီးပေမဲ့ ပိုက်ဆံက မကျလာသေးတော့လေ ကျလာလို့ရှိရင်တော့ ပေးမှာပေါ့။ ပေးမှာတော့ ပေးမှာပေါ့လေနော်။ ကျနော်တို့လည်း အလကားတော့ဘယ်ယူမလဲ။”လို့  TNLA နမ္မတူမြို့အုပ်ချူပ်ရေးတာဝန်ရှိသူ တာမောင်ဂိုက KNG ကချင်သတင်းဌာနကိုပြောပါတယ်။   အိမ်ရှင်တွေဘက်ကတော့ တောင်းဆိုတဲ့နစ်နာကြေး ငွေပမာဏကိုမပေးနိုင်ရင်တောင် သိမ်းယူလိုက်တဲ့ မြေဧကအတွက် ကျသင့်တဲ့ငွေပမာဏကို ပေးချေဖို့နဲ့ တရားသောနည်းလမ်းနဲ့ အမြန်လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒေသခံ အိမ်ရှင်တွေဘက်က ဒီအိမ်ခြံမြေယာကို မရောင်းချင်ပေမဲ့ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့က အတင်းအဓ္ဓမနည်းလမ်းနဲ့ သိမ်းယူလိုက်တဲ့နောက် အိမ်ရှင်တွေဘက်က နည်းလမ်းအမျိုးမျိုးနည်း ဖယ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ TNLA ဘက်က မဖယ်ပေးတဲ့အပြင် အိမ်ရှင်တွေတောင်းဆိုတဲ့ နစ်နာကြေးကိုလည်းပေးချေတာမျိုးလည်းမရှိသေးတာဖြစ်ပါတယ်။ လက်ရှိ TNLA ဘက်ကသိမ်းယူပြီး ဂိတ်တည်ဆောက်နေတဲ့ တပ်စခန်းဟာ နမ္မတူမြို့ စည်ပင်ရက်ကွက်တွင်း မန်တုံမြို့နဲ့ မိုင်းမော် – မုံးဝီး ဘက်သွားတဲ့ လမ်းဆုံမှာရှိတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူဒေသကို TNLA ကသိမ်းပိုက်လိုက်ပြီးနောက် ဒေသတွင်း အုပ်ချူပ်မှုယန္တရားဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဒေသခံပြည်သူတွေ ဝေဖန်မှုများစွာရှိနေတာလည်းဖြစ်ပါတယ်။   တစ်ဖက်မှာလည်း TNLA က နမ္မတူ – မန်တုံ – မိုင်းမော် ဒေသ လမ်းကြောတချို့နေရာတွေမှာ  ဂိတ်စခန်းတွေချကာ နေရာယူလှုပ်ရှားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေကိုလည်း ဂိတ်ဖြုတ်သိမ်းဖို့ လိုက်လံဖိအားပေးတာတွေ၊ ဂိတ်စခန်းတွေ လိုက်လံဖြုတ်သိမ်းပေးလိုက်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း အချင်ဖြစ်ပွားတာတွေရှိနေပြီး ဒေသခံပြည်သူတွေလည်း စိုးရိမ်မှုတွေနဲ့ ဆက်လက်နေနေရတယ်လို့ ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Dec- 2023 -
    27 December
    သတင်း

    နမ္မတူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်း နဲ့ ပစ်ခတ်နေ

    ရှမ်းမြောက် လားရှိုးအရှေ့ဘက် မန်တုံမြို့ကို ညီနောင်မဟာမိတ်တွေသိမ်းပိုက်ပြီးနောက် နမ္မတူမြို့ကို ဆက်လိုက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၇ ဒီကနေ့ နမ္မတူမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူထိခိုက်တာတွေလည်းရှိ‌နေတယ်လို့…

    Read More »
  • 26 December
    သတင်း

    နမ္မတူမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဥ်ဟာ မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ…

    Read More »
Back to top button