သတင်း

နမ္မတူမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက်သေဆုံး

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဥ်ဟာ မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ နမ္မတူမြို့ ရပ်ကွက် ၃ က နေအိမ်တစ်အိမ်ရဲ့အရှေ့မှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသားနှစ်ယောက်သေဆုံးခဲ့တာလို့သိရပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် ၄၀ အရွယ် ကိုသက်လင်းထွန်း () ကိုအငဲ နဲ့ အသက် ၃၀ အရွယ် ကိုအောင်မိုး သက် တို့ဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ကဖော်ပြထားပါတယ်။

တစ်ဖက်မှာ ယခုရက်ပိုင်းအတွင်း နမ္မတူမြို့အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခမရ ၃၂၄ ကို တအာင်း တပ်မတော် TNLA က တိုက်ခိုက်နေပြီး နမ္မတူမြို့ကဒေသခံတွေလည်း ဘေးလွှတ်ရာကိုထွက်ပြေးရင်းပိတ်မိနေကြတယ် လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။

နမ္မတူဘက်က စစ်ရှောင်တွေက လားရှိုးဘက်ကိုဝင်ဖို့လုပ်ကြတယ်။ ဒါပေမဲ့ လားရှိုးကိုအဝင်ပိတ်လိုက်တော့ စစ်ရှောင်တွေတစ်ချို့ ပိတ်မိနေကြတယ် နမ္မတူမှာလည်း ညတိုင်းပစ်နေကြတာပဲလို့ပြောပါတယ်။

နမ္မတူကဒေသခံတွေကတော့ လားရှိုးမြို့အဝင်အထွက်ကို စစ်တပ်ဘက်ကပိတ်ဆို့လိုက်တဲ့အတွက် မန်စံရွာက စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်းတွေမှာလက်တလော ခိုလှုံနေကြရတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မနေ့က မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာလည်း နမ္မတူမြို့နယ် နားလင်းရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးတော့ နေအိမ်တစ်လုံးမီးလောင်ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရပ်ကွက် ၃ အပါအဝင် ရပ်ကွက် ၆ ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သား ၄ ယောက် ဗုံးစထိမှန်ဒဏ်ရာရခဲ့ပါ သေးတယ်။

By – အမိုး

Show More

Related Articles

Back to top button