သတင်း

နမ္မတူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်း နဲ့ ပစ်ခတ်နေ

ရှမ်းမြောက် လားရှိုးအရှေ့ဘက် မန်တုံမြို့ကို ညီနောင်မဟာမိတ်တွေသိမ်းပိုက်ပြီးနောက် နမ္မတူမြို့ကို ဆက်လိုက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ဒီကနေ့ နမ္မတူမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူထိခိုက်တာတွေလည်းရှိ‌နေတယ်လို့ ဒေသခံတွေပြောပါတယ်။

မန်တုံကို ရပြီး အခုက နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်။ မန်တုံပြီး နမ္မတူကိုတော့ မရသေးဘူး။ အခုထိတိုက်နေတုန်းပဲ။ စစ်တပ်လေယာဉ်တွေနဲ့ လာပစ်တာ။ ပြည်သူတွေ ထိခိုက်တာတွေရှိတယ်ဆိုတဲ့ သတင်းကြားတယ်။ အခုက နမ္မတူ၊ မန်တုံတစ်ကြော ဖုန်းလိုင်းတွေပိတ်ထားတယ်။ ဖုန်းဆက်မရလို့ သတင်းလည်းအသေးစိတ်တော့မသိဘူးလို့ လားရှိုးမြို့ဘက်ရောက်နေတဲ့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။

မန်တုံမြို့နဲ့ နမ္မတူမြို့တွေကို ညီနောင်မဟာမိတ်တွေဘက်က ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး စတင်တိုက်ခိုက်နေတာဖြစ်ပြီးတော့ မန်တုံမြို့က ခလရ ၁၃၀ တပ်ရင်းကိုတော့ ၄ ရက်ကြာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ညီနောင်မဟာမိတ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ်တွေဘက်က မန်တုံတပ်ရင်းကို သိမ်းပိုက်ပြီးနောက် မန်တုံမြို့ကို ထိန်းချူပ်ထားသလို လက်ရှိထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းရေးလုပ်ဆောင်နေသေးတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့ ၅ ရက်ဆက်တိုက် လေကြောင်းကနေ လာရောက်ဗုံးကျဲတိုက်ခိုက်နေတာကြောင့်  မန်တုံမြို့မှာ နေအိမ်အမြောက်အများပျက်စီးသွားပြီး အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။

ဒါ့အပြင် မန်တုံကနေ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ နမ္မတူမြို့ထဲမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အပြင် နမ္မတူမြို့ ခမရ ၃၂၄ ကို ညီနောင်မဟာမိတ်တွေ ဝိုင်းထားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသလို တစ်ဖက်မှာ စစ်တပ်ကလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲခုခံ တိုက်ခိုက်နေကြောင်း သိရပါတယ်။

“TNLA ဝိုင်းထားပြီး ကိုးကန့်တွေလည်းပါတယ်လို့ပြောတယ်။ ဒါပေမဲ့ သွားမတွေ့တော့ ပါလားမပါလားမသိဘူး။ သူတို့က မြို့ထဲတောင်ဝင်ရောက်နေပြီလေ။ မြို့လယ်က အထကကျောင်းတွေထဲ သူတို့နေရာယူထားပြီး ကတုတ်ကျင်းတွေအခိုင်အမာတူးပြီး နေရာယူထားပြီ။ စစ်တပ်စခန်းရှိတဲ့ဘက်က စစ်တပ်တွေ နေရာယူပြီး ညဆိုရင် လက်နက်ကြီးနဲ့ အချင်းချင်းရမ်းသမ်းပစ်ခတ်နေကြတယ်။ ပြည်သူတွေ အများပိုင်းလည်း ထွက်ပြေးကုန်ပြီ။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အများပိုင်းတိမ်းရှောင်ပြီး အိမ်မှာ အိမ်စောင့်လောက်ပဲရှိနေတော့တယ်။ ဟု နမ္မတူဒေသခံတစ်ဦးကပြောပါတယ်။

လားရှိုးမြို့အရှေ့ဘက်ခြမ်း အဲ့ဒီဒေသတစ်ကြော ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေအားလုံး ပိတ်ထားတာကြောင့် ဆက်သွယ်ရေးခက်ခဲနေတာကြောင့် မြေပြင်အခြေအနေအသေးစိတ်သိရှိနိုင်ဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ည ၇ ရက်နေ့ညကလည်း နမ္မတူ့မြို့အဝင် ကျေးရွာတစ်ခုက နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။

TNLA တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က နမ့်ဆန်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ နမ့်ခမ်းမြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ မန်တုံမြို့၊ နမ္မတူမြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်အောင် ဆက်လက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button