မန္တလေး
-
Aug- 2024 -20 Augustသတင်း
ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်
ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အင်းတော်မှာ စစ်ရေးတင်းမာလာတဲ့နေ့ကစလို့ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒီနေ့ထိလည်း ပိတ်ထားတယ် ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရသေးဘူး အင်းတော်မှာက တိုက်ပွဲပြင်းထန်နေဆဲဆိုတော့ လောလောဆယ်တော့ ဘယ်ကားမှမထွက်ဘူး။ လမ်းကတော့ တိုက်ပွဲပေါ်မူတည်နေပါတယ်”လို့ပြောပါတယ်။ ဗန်းမော်– မန္တလေးလမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာခဲ့တဲ့နေ့ကစပြီး ကားလမ်းသွားလာခွင့်ကို လက်နက်ကိုင်နှစ်ဖက်တပ်တွေ အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဗန်းမော်မြို့အတွင်းက ပြည်သူတွေဟာ ခုနောက်ပိုင်း ဗန်းမော်ကနေ စင်းခန်းအထိ စက်လှေသွားပြီး စင်းခန်းကနေတစ်ဆင့် ကသာ၊ အင်းတော်လမ်း– မဲဇာတောင်ကိုဖြတ် ဝန်းသို၊ကောလင်း၊ ကန့်ဘလူ၊ ခင်ဦ၊ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်ကိုဖြတ်ပြီး မန္တလေးသွားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၂ ရက်နေ့ကစလို့ ကသာခရိုင်ထဲမှာ အင်းတော်မြို့နယ် မဲဇာတောင်ခြေနဲ့ အင်းတော်မြို့တွင်းထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတာကြောင့် ကားလမ်းပိုင်းပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “ခုအဲဘက်မှာ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတော့ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိရသေးပါဘူး။လောလောဆယ် ရေကြောင်းလမ်းတစ်ခုဘဲရတယ်ဗျ။ ကုန်စျေးနှုန်းတွေက ပြောမနေနဲ့တော့ မတက်တာဘာမရှိဘူး လောလောဆယ်က လိုင်ဇာဘက်ကနေ နည်းနည်းပါးပါးဝင်တာလောက်ဘဲရှိနေတယ်”လို့ ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့နယ်ထဲကို မန္တလေးဘက်က ကုန်ကားအဝင်တွေမရှိတော့ဘဲ လိုင်ဇာဘက်ကနေ စင့်ကင်ဘက်ကနေ ဝင်ရောက်တဲ့ကုန်အနည်းအကျဉ်းသာရှိတော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေတယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ လတ်တလော ဗန်းမော်မှာ ကြက်ဥတစ်လုံး ၇၀၀ ဝန်းကျင်ထိရှိလာပြီး ဆန်၊ဆီ၊ဆားတွေကလည်း စျေးနှုန်း ၂ ဆခန့်မြင့်တက်လာတဲ့အပြင် တစ်ချို့အခြေခံစားသောက်ကုန်တွေပြတ်လပ်တဲ့အထိရှိလာနေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကုန်းကြောင်း၊လေကြောင်း၊ရေကြောင်းနဲ့အချက်ချာ ကျလှတဲ့မြို့ဖြစ်ပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်အကွာ ၊ KIO အခြေစိုက်ရာ လိုင်ဇာမြို့ကလည်း ဗန်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ ဝန်းကျင်မှာရှိပြီး ဗန်းမော်ခရိုင်ကို မြို့နယ် ၄ မြို့နယ်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီထဲက ဗန်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့ လက်နက်ကြီးတွေ မြို့တွင်း၊မြို့ပြင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးတာလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာ၊ အခြေခံစားသောက်ကုန် အဓိကဝင်ရောက်တဲ့လမ်းတွေလည်း ပိတ်ထားတဲ့အတွက် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
19 Augustသတင်း
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ ၄ ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။ “ပိတ်မယ်လို့ ကြေညာထားတာကကြာပြီဗျ တကယ်ပိတ်တာကတော့ ၄ ရက်လောက်ပဲရှိသေးတာ။ အခုက တော့ တကယ်ပိတ်တာ ပိတ်တာကလည်း၆နေရာလောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာတွေပေါ့။ နှစ်ဖွဲ့လုံးဘက်ကပိတ်တာ။ ကားကြီးကားလေးပေါင်းစုံပဲပိတ်မိနေတာ တော်တော်များများပဲ ကချင်ပြည် နယ်မှာစွဲတဲ့လိုင်းပေါင်းစုံပဲ” လို့ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မယ်လို့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ကားသမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းကအသိပေးခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်ကားတစ်ချို့သွားလာ ကြရာကနေ အခုလိုကားတွေရာနဲ့ချီပိတ်မိကုန်တာလို့ ကားသမားတွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်–ရွှေကူ ပြေးဆွဲတဲ့ကားတွေဟာလည်းပိတ်မိနေပြီး တိုက်ပွဲက ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိပြင်းထန်နေသေးတဲ့အတွက် လမ်းပိုင်းဘယ်တော့ပြန်ဖွင့်မလဲဆိုတာမသိရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့နယ်သတင်းတွေကို တင်ပြပေးနေတဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Indaw Revolution ဘက်ကတော့ အင်းတော်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးတိုက်ခိုက်မှု တွေလုပ်နေပြီး ထိခိုက်ပျက်ဆီးမှုတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ “ အင်းတော်ကလည်းမြို့သိမ်းတိုက်ပွဲလုပ်နေတယ်။ ဗျူဟာလမ်းကလည်း အင်းတော်မြို့ထဲကိုဖြတ်တာ ဆိုတော့ အဲ့တာကြောင့်ခဏပိတ်ထားတာနေမှာပါ။ အခုရဲစခန်းနဲ့ ဂျပန်ဆေးရုံပဲကျန်တယ်လို့သတင်းရပါ တယ်။” လို့စစ်ကိုင်းနဲ့ကချင်အစပ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအင်းတော်စစ်ရေးအခြေနေကိုပြောပြ ပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး လက်ရှိ ကောလင်း ခရိုင်ထဲက ပင်လည်ဘူး၊ ကသာခရိုင်ထဲက အင်းတော်မြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့နယ်နဲ့ ပင်လည်ဘူးမြိုနယ်တို့မှာ စစ်ကောင်စီလက်အောက်ခံစစ်သားတွေအပါအဝင် ရှမ်းနီ အမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး တပ်စွဲအထိုင်ချထား တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိုင်းမကြာခဏပိတ်လေ့ရှိပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလတို့မှာလည်း ကန့်ဘလူ၊ ကောလင်း ဒေသတစ်ဝှိုက်တိုက်ပွဲတွေကြောင့် လမ်းပိုက်သွားလာခွင့်ပိတ်ဆို့တာတွေရှိခဲ့ပါသေးတယ်။ By – အမိုး
Read More » -
Jul- 2024 -22 Julyသတင်း
ဗန်းမော် – မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ
ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာ ခုဆိုရင် ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဗန်းမော်ဘက်ကို စင်းခမ်း၊ ကသာ၊ ရွေကူဘက်ကနေ ရေလမ်းကြောင်းစက်လှေနဲ့တစ်ဆင့် အခြေခံစားသောက်ကုန်တွေ သယ်ယူနေကြပေမဲ့ စက်လှေစရိတ်၊ ကုန်တင်ကုန်ချ စရိတ်ကြီးတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “မော်တော်ခတွေလည်း အရမ်းဈေးကြီးလာတယ်လေ ပြီးတော့ ဟိုဘက်ကမ်းကနေ ဗန်းမော်ရေဆိပ်မှာ ရောက်ပြီဆိုရင် အဲ့မှာ ရောက်လာကြပြီ ကုန်တင်ကုန်ချတွေလည်းတောင်းတာများလာတယ်။ ဟိုတလော ရေကြီးတဲ့ချိန်ဆိုရင် အရမ်းသိသာတယ်၊ ပစ္စည်းပျောက်တာတွေလည်း အရမ်းရှိခဲ့တယ်၊ ကုန်ဈေးနှုန်းတွေဆိုရင်လည်း ဗန်းမော်မှာ တစ်ခါမှ မကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ” လို့ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မှာ ဓာတ်ဆီကားမဝင်တော့တဲ့အတွက် ဆီပန့်ဆိုင်ကြီးတွေ ပိတ်ထားပြီး လမ်းဘေးပုလင်းချိန်ရောင်းသူတွေ ဓာတ်ဆီဈေးတွေ မြင့်တက်နေတာကြောင့် ဗန်းမော်စခန်းမှူးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄/၁၅ ရက်မှာတော့ လမ်းဘေးဆီဆိုင်တွေကို ဓာတ်ဆီတစ်ဘူး ၄၀၀၀ ကျပ်သာရောင်းချကြဖို့ ခံဝန်ကတိထိုးခိုင်းတာမျိုးရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဓာတ်ဆီတစ်ဘူးကို ၉၀၀၀ ကျပ်ရောက်နေပြီလို့ ဆိုပါတယ်။ အခုလို ကုန်ဈေးနှုန်းမြင့်တက်နေတာဟာ အခြေခံလူတန်းစားတွေအတွက် ပိုမိုခက်ခဲစေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “လူတွေလည်း ကျစရာဆိုလို့ စိတ်ဓာတ်ဘဲရှိတော့တယ်၊ ကုန်ဈေးတွေကတော့ ကျမှာမဟုတ်တော့ဘူး အတက်ဘဲရှိတာအဆင်းက မရှိဘူး။ ရေကြီးတဲ့ချိန်ဆို ပိုတောင်ဆိုးသေးတယ် ရေသာကျသွားတယ် ကုန်ဈေးက မကျဘူး၊ လက်လုပ်လက်စားတွေဆို တစ်နေ့ကိုမှ ၁သောင်းလောက်ရတာ၊ ဆီထည့်တာနဲ့ ကုန်ပြီလေ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မှာ ဓာတ်ဆီတွေကို ဘူးသေး၊ ဘူးလတ်၊ ဘူးကြီး ခွဲထားပြီး အများဆုံး ၉၀၀၀ ကျပ်ထိရှိတဲ့အပြင် ရိုးရိုးဆန် တစ်အိတ် ၁သိန်း ၂ သောင်းကျပ်၊ ဆီ တစ်ပိဿာ ၁သောင်း ၇ထောင်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈ထောင်ကျပ် ရှိတဲ့အပြင် တစ်ခြားကုန်တွေလည်း နဂိုဈေးထက် ၁၀၀၀ လောက်ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့တွင်း ဂိတ်အဝင်အထွက်တွေမှာဆိုရင် ဂိတ်ကြေးတောင်းခံမှုများတဲ့အပြင် စစ်ဆေးမေးမြန်မှုတွေလည်းများတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားရေးလာရေး အခက်အခဲရှိနေတယ်လို့ အမျိုးသားတစ်ယောက်က KNG ကိုဆက်ပြောပါတယ်။ “ဂိတ်တွေမှာဆိုရင် ဘာပစ္စည်းဘဲသယ်သယ် ပိုက်ဆံတောင်းတယ်၊ သူတို့ရဲ့ လက်သုံးစကားက မင်းတို့ ဒါတွေကို ဘယ်ယူသွားမှာလဲ PDf တွေကို ထောက်ပံ့မလို့မဟုတ်လားတဲ့၊ အိမ်စားဖို့အတွက် သယ်တာလို့ပြောရင်လည်း ဂိတ်ကြေးက ၂ သိန်း ၃ သိန်းတောင်းတာရှိတယ်၊ ဆဲဆိုပြီးတောင်းတာလည်းရှိတယ်၊ သူတို့ကိုက ဝင်ရင်လည်းပေးရ ထွက်ရင်လည်းပေးရတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့လောက်ကနေစပြီး ဗန်းမော်မှာ ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် မြေနိမ့်ပိုင်းက ဒေသခံတစ်ထောင်နီးပါး တိမ်းရှောင်ခဲ့ကြရတဲ့အပြင် ခုလိုရေကြီးမှုကြောင့်လည်း ကုန်ဈေးနှုန်းတွေ ပိုမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဒေသခံတွေအနေနဲ့ အခုလို ရေဘေးဒဏ်၊ ကုန်ဈေးနှုန်းဒဏ်တွေကို ရင်ဆိုင်နေရတဲ့အပြင် တစ်ဖက်မှာလည်း စစ်ရေးအခြေအနေကို စိုးရိမ်နေရပြီး လက်နက်သံ၊ သေနတ်တွေလည်း မကြာခဏကြားနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗန်းမော်မှာ မနက်၆ ညနေ ၆ နာရီ မာရှယ်လော ထုတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားရေးလာရေ သတိထားနေရတဲ့အပြင် တစ်ခါတလေ ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာမျိုး၊ ဖမ်းသွားသူတွေကို ပိုက်ဆံနဲ့ လာရွေးခိုင်းတာမျိုးလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ By – BU BU
Read More » -
May- 2024 -29 Mayသတင်း
ဗန်းမော် – မန္တလေးကားလမ်းမကြီးအပြင် အခြေခံစားသောက်ကုန်အဓိက သယ်ယူတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်
ဗန်းမော် – မန္တလေးကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ကုန်စည်ပစ္စည်းအဓိသယ်ယူနေကြတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးအခြေအနေကြောင့် ဗန်းမော်မြို့– မန္တလေးသွားတဲ့ ကားလမ်းကြီးပိတ်ထားတာ ခုဆိုရင် ၂ ပတ်ကျော်ကြာမြင့်လာချိန် ဗန်းမော်ဒေသခံတွေဟာ အခြေခံကုန်စည်ပစ္စည်းတွေကို ဗန်းမော်ကနေ ကောင်းတုံကျေးရွာထိစက်လှေနဲ့ သွားပြီး ရွှေကူ၊ကသာဘက်ကတစ်ဆင့် ကုန်ပစ္စည်းတွေကိုတင်သွင်းယူနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကနေ ရေလမ်းကြောင်းကိုအဓိအသုံးပြုပြီး စက်လှေနဲ့ကုန်သယ်ယူနေတဲ့ပြည်သူတွေကို စစ်တပ်ကသေနတ်နဲ့ပစ်ခတ်တာတွေလုပ်နေတဲ့အတွက် ရေလမ်းကြောင်းလည်းပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “အစကတော့ ဒီဗန်းမော်မြို့ ကမ်းနားက စက်လှေဆိပ်ကနေပြီးတော့ ကောင်းတုံရွှာထိစက်လှေနဲ့သွားကြတယ်လေ။ အဲ့ကတစ်ဆင့်ရွှေကူ ကသာတွေဘက်ကို ကားတွေနဲ့ ပြန်သွားကြတာပေါ့လေ ကုန်ပစ္စည်းတွေဆိုရင်လည်း ကားလမ်းပိတ်တော့ အဲ့ကနေ နည်းနည်းပါးပါးသွင်းလို့ရသေးတာပေါ့ ဒါပေမဲ့ အခုက အဲ့ဒီရေလမ်းကိုလည်း ပိတ်လိုက်ပြီ”လို့ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ရေလမ်းကြောင်းဖြစ်တဲ့ စက်လှေဆိပ်ကို စစ်တပ်ဘက်ကတရားဝင်ကြေညာပြီး ပိတ်လိုက်တာမျိုးမဟုတ်ပေမဲ့ မြစ်တစ်ဖက်ကမ်းရောက်ချိန်လက်နက်တွေနဲ့ လိုက်လံပစ်တာမျိုးတွေရှိတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း မသွားရဲကြတော့တာဘဲ ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ကုန်းလမ်း၊ ရေလမ်းပိတ်လိုက်တဲ့အတွက် ဗန်းမော်မြို့မှာ ကုန်စည်စီးဆင်းမှုပြတ်တောက်လာကာ ကုန်ဈေးနှုန်းတွေလည်း ဆက်မြင့်တက်လာနေတာကြောင့် ပြည်သူတွေစားနပ်ရိက္ခာပိုခက်ခဲလာနိုင်တယ်လို့လည်း နောက်ထပ်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “အခုဆို ကုန်ဈေးနှုန်တွေဆိုရင်လည်း ကုန်သည်တွေပေါ်မှာဘဲ မူတည်နေတာ ဈေးတွေက မြင့်သထက်မြင့်လာပြီး ကုန်ပစ္စည်းတွေလည်းပြတ်လပ်လာမယ်။ နောက်ဆုံး ကျွန်တော်တို့ ဒေသခံတွေကဘယ်မှလည်းမသွားရကြားထဲမှာ ပိတ်မိပြီး ကုန်တွေလည်း ပြတ်လပ်လာ၊ ပြည်သူတွေ ဒုက္ခရောက်ကုန်တော့မယ်” လို့ပြောပါတယ်။ အခုလို ကုန်သယ်ယူနေတဲ့စက်လှေတွေကိုပစ်ခတ်တာဟာ စစ်ရေးအနေနဲ့ရေလမ်းကြောင်းအသုံးမပြုစေချင်တဲ့အတွက်ဖြစ်နိုင်ပြီး စစ်ရေးအခြေအနေကြောင့် လုံခြုံရေးအရတင်းကြပ်နေတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့မှာ မေလ ၁၀ ရက်ကနေ ကုန်တင်ကားတွေမဝင်တော့တဲ့အပြင် ရေလမ်းကြောင်းလည်းသွားလို့မရတော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ By – Bu Bu
Read More » -
23 Mayသတင်း
မန္တလေး- ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာချိန် ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်
မန္တလေး– ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာတာနဲ့အမျှ ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ကုန်စည်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဗန်းမော်မြို့မှာ ကုန်တင်ကားတွေမဝင်တော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်လာပြီလို့ စျေးသည်တစ်ယောက်က KNG ကိုပြောပါတယ်။ “ပစ္စည်းတွေကိုသိုလှောင်ပြီး မရောင်းကြတော့ဘူးလေ ရှိတာဟာလေးတွေကိုဘဲ ရောင်းတယ်ပေါ့နော်၊ ကျွန်မတို့ မြို့အနေနဲ့ကျတော့လည်း ဘယ်အချိန်ဘာဖြစ်လာမယ်မှန်းမသိလို့ လမ်းပန်းဆက်သယ်ရေးမကောင်းတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့ ယူပြီးမှ ရောင်းလို့မရဘူး။တကယ်ယူရောင်းမယ်ဆိုရင်လည်း လမ်းခရီးခက်ခဲတယ်ကြန့်ကြာတယ် ပြီးရင် သယ်ယူစရိတ်တွေမြင့်တက်တဲ့အတွက် ကုန်ဈေးနှုန်းတွေလည်းတက်လာမှာပေါ့” လက်ရှိ ဗန်းမော်မြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ယာယီစစ်ရှောင်ပြည်သူတွေလည်းရှိနေပြီး လူဦးရေပိုမိုများလာတဲ့အတွက် ဝယ်လိုအားများနေပြီး ကုန်ပစ္စည်းတွေအရင်လို ပေါပေါများများမရှိတော့ဘဲ ဈေးနှုန်တွေလည်း မြင့်တက်လာတယ် လို့ဆိုပါတယ်။ ဒါ့အပြင် စက်သုံးဆီကားကြီးတွေလည်း မဝင်တော့တဲ့အတွက် ဗန်းမော်မှာ စက်သုံးဆီတွေကို အချိန်ပိုင်းနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “ဗန်းမော်မှာ ဆီတွေက အရင်လှောင်ထားတဲ့ ဆီတွေကိုဘဲ အချိန်ပိုင်းနဲ့ ရောင်းတယ်ဆိုတဲ့ သဘောနဲ့ဘဲရောင်းနေကြတာ ရောင်းပေမယ့်လည်း အလေးချိန်မပြည့်ဘူး၊ ကားသော်လည်းကောင်း ဆိုင်ကယ်သော်လည်းကောင်း အပေါက်ဝမှာတည့်ပြီး ညှစ်လိုက်တာနဲ့ ခဏလေးဆိုပြည့်ပြီ အရင်က ၆၀၀၀ ဖိုးလောက်ဆို ဆီအပြည့်ရတာ၊ အခု ၁သောင်းဖို့ထည့်လည်း မပြည့်ဘူး၊ တဝက်သာသာဘဲရတယ်”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မှာ ကြက်သား ၁ပိဿာ ၁၉၀၀၀ ကျပ်၊ အိမ်ကြက် ၂၄၀၀၀ကျပ်၊ အမဲသား ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥ ၁လုံး ၃၀၀–၅၀၀ ကျပ်၊ ဆီ ၄၀သား တစ်ဘူး ၅၅၀၀ ကျပ်၊ ဆန် ၆ပြည် ၅ သောင်းကျပ်၊ ဒေသဆန် ၁ပြည် ၄၀၀၀ ကျပ်ရှိနေပြီး ဆန်ဈေးက ကားလမ်းပိတ်ပြီးနောက်ပိုင်း ဆန်တစ်အိတ်ကို ၁ သောင်းခွဲထိမြင့်တက်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မှာ ကားလမ်းတွေအနေနဲ့ ဗန်းမော်–ရန်ကုန်၊ ဗန်းမော်–မန္တလေး၊ ဗန်းမော်–မြစ်ကြီးနား၊ ဗန်းမော်–ရွှေကူ၊ ဗန်းမော်–ကသာ စတဲ့ လမ်းပိုင်းတွေရှိပေမဲ့ အဝင်အထွက်မရှိတာ ၁၀ ကျော်ကြာလာပြီး တစ်ချို့ကားသေးတွေကတော့ တစ်ခြား ကွင်းလမ်းဘက်ကနေ သွားတာမျိုးရှိသလို ဗန်းမော်ကနေ ကောင်းတုံရွာထိစက်လှေတွေနဲ့သွားကြီပြီးတော့ အဲ့ကတစ်ဆင့် ရွှေကူ၊ ကသာထိသွားကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ By – Bu Bu
Read More » -
Apr- 2024 -5 Aprilသတင်း
ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် – မန္တလေးလမ်းမပေါ်ရှိ လမ်းလေးဆုံနေရာက ဟန်ထက်(Han Htet)စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်က ဧပြီလ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဟန်ထက်တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ…
Read More » -
Sep- 2023 -11 Septemberသတင်း
စစ်သင်္ဘော ၆ စီး မန္တလေးကနေ ဧရာဝတီမြစ်အထက်ဘက်ကို ဆန်တက်လာ
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ လက်နက်နဲ့ ရိက္ခာအပြည့်တင်ဆောင်ထားတဲ့ စစ်သင်္ဘော ၆ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဦးတည်ပြီး ဆန်တက်လာနေတယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ အဲဒီသင်္ဘော ၆ စီးဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း…
Read More » -
Aug- 2023 -4 Augustသတင်း
မန္တလေးတိုင်းကနေတက်လာတဲ့ စစ်သင်္ဘော ၉ စီးမှာအချုပ်သား ၅၀ ကျော်တင်ဆောင်လာ
ကချင်ပြည်နယ်ထဲကို ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စီးမှာ ကသာနယ်ထဲဝင်ရောက် နေပြီဖြစ်ပြီး သင်္ဘောထဲမှာအချုပ်သား ၅၀ ကျော်လည်း ပါဝင်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ အဲ့ဒီစစ်သင်္ဘော ၉ စီးဟာ စစ်သားအင်အားအများအပြားနဲ့ လက်နက်ခဲယမ်း၊စားနပ်ရိက္ခာတွေတင်ဆောင်လာတဲ့အပြင် ထီးချိုင့်အချုပ်ထဲက အချုပ်သား ၅၀ ကျော်ကိုလည်းတင်ဆောင်လာတယ်လို့ ကသာ PDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။ “အရပ်သား၊အချုပ်သားပေါ့ ထီးချိုင့်မှာအချုပ်ကျနေတဲ့အချုပ်သား…
Read More »