မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် လမ်းခရီးနှောင့်နှေး

စစ်ရေးအခြေနေကြောင့် ကွင်းလမ်းအသုံးပြုပြီးသွားလာနေရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းချော်လို့ ခရီးစဥ်နှောင့်နှေးမှုရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လကစလို့ မြစ်ကြီးနား–မန္တလေးပြည်ထောင်စုလမ်းမကြီးကို ကာကွယ်ရေးတပ်တွေဘက်ကပိတ်ထားခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။
မိုးရွာသွန်းမှုကြောင့် အဲ့ဒီကွင်းလမ်းနေရာတစ်ဝှိုက်တွေက လမ်းချော်မှုတွေ ဖြစ်နေပြီး ပုံမှန်ဆို နှစ်ရက်ခန့်သာကြာမြင့်တဲ့ လမ်းခရီးကို ၄ ရက်ကြာမြင့်ကာသွားနေရတဲ့အခြေနေတွေရှိတယ်လို့ ကားသမားတွေကပြောပါတယ်။
“ဒီကြားထဲမှာ မိုးတွေရွာတယ် ကွင်းလမ်းကနေသွားရတော့ လမ်းချော်တဲ့အခက်အခဲတွေကြုံနေရတယ်။ ခါတိုင်း ၂ ညအိပ် လောက်ဆိုရင် အခုလမ်းချောတဲ့အခါဆိုတော့ လမ်းခြောက်တာကိုပြန်စောင့်ရင်း ရက်ကအကန့်အသတ်မရှိကြာနေတာ။ အခုသူကကွင်းလမ်းဆိုတော့ ဗွက်တွေထတယ်လေ အဲ့လိုဆိုတော့ ကားတစ်စီးသွားပြီးဆိုဗွက်ကထပြီ နောက်ကားတွေက ထွက်လို့မရ။ အဲ့လိုဆိုတော့ လမ်းခြောက်တဲ့အခါမှထွက်လို့ရတဲ့ အနေအထားဖြစ်နေတယ်”လို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကကားဂိတ်မှူးတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း မိုးရွာသွန်းမှုတွေကြောင့် ကားလမ်းပိုင်းအသွားအလာမရှိသလောက်အထိနည်းသွားပြီး ဒီရက်ပိုင်းအတွင်းမှာလည်း မိုးရွာသွန်းမှုတွေရှိနေတဲ့အတွက် ကုန်ကားတစ်ချို့လမ်းချော်ပြီးသွားလို့မရတဲ့အခြေနေတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာမျိုးမဟုတ်တဲ့ ယခုလိုကာလမျိုးမှာတောင် လမ်းပိုင်းပျက်ဆီးမှုတွေဖြစ်နေတာကြောင့် လာမယ့်မိုးတွင်းကာလမှာဒီလမ်းပိုင်းတွေဟာ ပိုပြီးပျက်ဆီးမှုတွေဖြစ်နိုင်တယ်လို့ ကားသမားတွေကဆိုပါတယ်။
“မိုးတွင်းကျရင်တော့ အဲ့ဒီကွင်းလမ်းတွေကလုံးဝအသုံးပြုလို့မရတဲ့အခြေနေဖြစ်နေတယ်။ ခန့်မှန်းချက်အရဆိုရင်တော့ အခုမိုးဒီလောက်ဘဲရွာတာတောင် လမ်းကအကန့်အသတ်မရှိကြာတာဆိုတော့မိုးတွင်းကျရင်တော့ အဲ့လမ်းတွေကသွားလို့မရ ရင်တော့ ကချင်ပြည်နယ်ဘက်ကကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှာကိုကျနော်တို့စိုးရိမ်နေတာ”လို့ ကားဂိတ်မှုးကဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ အင်းတော်မြို့ သိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကဘဲ အပြီးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ချိန်က စလို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်း လမ်းဆုံ အထိအသုံးပြုခွင့်ပိတ်ထားတာလို့ သိရပါတယ်။
ဒါ့ကြောင့် ကားသမားတွေဟာ အင်းတော်မြို့ ကိုရှောင်သွားရတဲ့ တောလမ်းကိုသာအသုံးပြုနေရတာ ၈ လရှိလာပြီဖြစ် သလို မြို့သိမ်းတိုက်ပွဲအဆုံးသတ်သွားပေမဲ့လည်းယနေ့အထိလည်းကွင်းလမ်းကို အသုံးပြုနေရတဲ့အတွက် မိုးတွင်း ကာလမရောက်ခင်လမ်းပိုင်းတွေဖွင့်ပေးဖို့ ကားသမားတွေကတောင်းဆိုလိုက်ပါတယ်။
By – အမိုး