သတင်း

မြစ်ကြီးနား-မန္တလေး လမ်းပိုင်းခရီးစဥ် တိုက်ပွဲကြောင့် ၅ ရက်ဝန်းကျင်အထိ ကြာမြှင့်လာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမန္တလေးလမ်းပိုင်း ခရီးစဥ် ၅ ရက် ဝန်းကျင်အထိ ကြာမြှင့် သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်လို့ မြစ်ကြီးနားမန္တလေးလမ်း၊ ကန့်ဘလူဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေဘက်က ပြည်ထောင်စု လမ်းမကြီးအသုံးပြုခွင့်ကို ရက်အကန့်သတ်မရှိ ပိတ်ထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကန့်ဘလူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ စံပါယ်နံ့သာ ကျေးရွာကိုရှောင်ပြီး သွားရတဲ့လမ်းကို ကားသမားတွေ အသုံးပြုနေကြရတယ်လို့ ကားသမား တစ်ဦးက မြစ်ကြီးနားမန္တလေးလမ်းပိုင်းအခြေနေကို အခုလိုရှင်းပြပါတယ်။

စံပါယ်နံ့သာရွာကိုကွင်းပြီး တောလမ်းကနေသွားနေရတယ်။ အရင်က၂ညအိပ် ၃ရက်၊ အခုက ၃ညအိပ် ၄ ရက်၊၅ ရက် ခရီး နဲ့သွားနေရပါတယ်။ ပြည်ထောင်စုလမ်းမကြီးကိုအသုံးပြုခွင့်မရဘူး၊ ဟိုနေရာကွင်းပြီးသွားရ၊ ဒီနေရာကွင်းပြီးသွားရနဲ့ ခရီးသွားအလွန်နှောင့်နှေးစေပါတယ် လို့ ကားသမားတစ်ဦးကပြောပါတယ်။

အခုလို လမ်းပိုင်းကြန့်ကြာမှုကြောင့် စက်သုံးဆီကုန်ကျမှု၊ လမ်းစာရိတ်အပါအဝင် လမ်းကြေးအခွန်ကောက်ခံမှုတွေအကြား ကုန်ပစ္စည်း တန်ဖိုးပေါ်မူတည်ပြီး တန်ဆာခတွေလည်း မြှင့်တက်လာနေတယ်လို့ ကားသမားတွေကပြောပါတယ်။

နောက်ထပ်ကားသမားတစ်ဦးက အခုသွားရတဲ့လမ်းက ပုံမှန်းလမ်းတော့မပွင့်သေးဘူး။ မြစ်ကြီးနားမန္တလေးဆိုရင် လှည်းလမ်းတောင်မပေါက်တဲ့ လမ်းကနေ သွားနေရတယ်။ အတက်လမ်းကတော့ သိမ်မဆိုးလှဘူးပေါ့လေ။ ကွင်းလမ်းကနေသွားနေရတာပေါ့” လို့ အသုံးပြုနေရတဲ့ ကွင်းရှောင်လမ်းပိုင်းအခြေနေကို ပြောပြပါတယ်။

လမ်းပိုင်းစတင်ပိတ်လိုက်တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစလို့ တစ်ပတ်ကျော်လောက်အထိ ယာဥ်တန်း ၇၀၀ ကျော်ဟာ ပိတ်မိနေခဲ့ကြပြီး အဲ့ဒီထဲမှာကြာရှည်မခံတဲ့ ကုန်စိမ်းနဲ့အသား၊ငါးတွေ ပုပ်သိုးပျက်ဆီးမှုတွေအထိပါရှိခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ မြစ်ကြီးနားမန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ KIAPDF နှစ်ဖက်တပ်က စစ်သားစုဆောင်းရေးတွေအပြင်းအထန် ပြုလုပ်နေတာအပြင် တိုက်ပွဲမကြာခဏဖြစ်လေ့ရှိတာကြောင့် ကားသမားတွေကတော့ အရေးကြီးကိစ္စမရှိရင် ခရီးမသွားကြဖို့ အကြံပြုထားပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက အင်းတော်မြို့ အတွင်း တိုက်ပွဲဖော်ဆောင်နေခဲ့တာဖြစ်ပြီး အဲ့ကာလကတည်းက စစ်ရေးအခြေနေပေါ်မူတည်ပြီး မြစ်ကြီးနားမန္တလေး လမ်းပိုင်းက မကြာခဏပိတ်လေ့ရှိပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ချိန်က စလို့ မြစ်ကြီးနားမန္တလေးလမ်းပိုင်းအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်း လမ်းဆုံ အထိအသုံးပြုခွင့်ပိတ်ထားပြီး ကားသမားတွေဟာ အင်းတော်မြို့ ကိုရှောင်သွားရတဲ့ တောလမ်းကိုသာအသုံးပြုနေရတာ ၇ လနီးပါးရှိလာသလို ယနေ့အထိလည်းကွင်းလမ်းကိုအသုံးပြုနေရ တာပါ။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ မြစ်ကြီးနားမန္တလေးလမ်းပိုင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ဂိတ်တွေ များပြားလာတယ်လို့လည်း ကားသမားတွေက ဆိုကြပါတယ်။

မြစ်ကြီးနားမန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားရှိ စစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက်မနည်းရှိတယ်လို့ ကားသမားတွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button