သတင်း

ကချင်ပြည်နယ်သို့ အစိုးရ စစ်အင်အား နှင့် လက်နက်ကြီးများ ပို့ဆောင်နေ

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရ …

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရသည်။

တရုတ်စစ်ကား ၁၂ စီးပါ အမြောက်လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ဝင်ရောက်လာတာဖြစ်ပြီး ဒီဇင်ဘာလ  ၁ ရက်နေ့တွင် ဗန်းမော်မှ လိုင်ဇာ၊ မြစ်ကြီးနားဖက်သို့လည်း တင်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးမှ ဆိုသည်။

၎င်းက ဆက်ပြီး “ကားက ၁၀စီးပါ၊ ကားတစ်စီးပေါ်မှာ သူတို့က လက်နက်ကြီး တစ်လက်လက်နဲ့၊ စက်သေနက်တွေလည်း မျိုးစုံ၊ စစ်သားတွေက လေးငါးယောက်၊ လေးငါးယောက်ပါတယ်၊ စစ်သားတွေတော့ သိပ်မတွေ့ဘူး၊ လက်နက်ပဲသယ်ဖို့ လုံခြံုရေးလောက်ပဲ ပါတယ်။” ဟု ပြောသည်။

ယမန်နေ့ညနေပိုင်းတွင် မန္တလေးလမ်းဘက်မှ လက်နက်ကြီးတွေ တင်ဆောင်လာသည့် စစ်တပ်ကားအစီး ၅စီး မြို့ထဲထပ်ဝင်လာပြီး သင်္ဘောဖြစ်လည်း လက်နက်ကြီးတွေ သယ်ပို့နေသည်ဟု ဒေသခံတစ်ဦးမှပြောသည်။

သေနတ် သယ်ဆောင်လာသည့် စစ်တပ်ကားမြင်ခဲ့ရသည့် စျေးသည်၊ ဒေသခံများက တုန်လှုပ်သွားကြကာ စစ်ဖြစ်မှာကို ကြောက်လန့်နေကြသည်ဟု ဒေသခံမှပင် ပြောသည်။

“အရင်တစ်ခေါက်က ဒီအောက်ပိုင်းကနေသယ်လာတာ မဟုတ်ဘူးထင်တယ်၊ သူတို့ စစ်တပ်တွေဆီကနေ စုဆောင်းပြီး အမြောက်ကြီး၊ သေနက်ကြီးတွေ ဒီမြို့ဘက်ကနေ ပတ်ပြီး လိုက်သယ်ပြတာ။ ဒေသခံတွေကိုကြတော့ သယ်လာတာပဲပြတာ၊ ပြည်သူတွေကို ခြောက်နေသလိုပဲ” ဟု လက်နက်တင်ကားကြီးမြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးမှပင် သုံးသပ်ပြောဆိုသည်။

စစ်အစိုးရဖက်မှ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီး မြို့များတွင် စစ်အင်အားနှင့် လက်နက်ကြီးများ တိုး၍ပို့ဆောင်ထားသလို ပြည်တွင်းရှိ KIO ဆက်ဆံရေးရုံးများအားလည်း ပိတ်ပင်လိုက်သည်။

တရုတ်နယ်စပ်အနီး KIO ဌာနချုပ်လိုင်ဇာမှတဆင့် နှစ်နိုင်ငံကုန်အဝင်အထွက်အားလုံးကို လိုင်ဇာနှင့် အဓိကဆက်သွယ်သော မြန်မာစစ်အစိုးရထိန်းချုပ်သည့် လဂျားယန်ဂိတ်စုပေါင်းဂိတ်တွင် လုံးဝ ပိတ်ပင်ထားသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။

အခုလိုပိတ်ပင်မှုနောက်ပိုင်း KIO မှလည်း လိုင်ဇာမြို့ရှိ ကုန်သည်များအား ပြောင်းရွှေ့ကြရန် သတိပေးပြောဆိုလာသည်။

Show More

Related Articles

Back to top button