မှတ်တိုင် ၃၀ ဘက် စစ်ကောင်စီပူးပေါင်းတပ် ထိုးစစ်အရှိန်မြှင့်

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းတပ်တွေက နယ်စပ်မှတ်တိုင် ၃၀ ဘက်ကို ဒီရက်ပိုင်းအတွင်း ထိုးစစ်အရှိန် မြှင့်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

လက်ရှိ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ဌာနချုပ်ရှိရာ မှတ်တိုင် ၃၁ အနီးကို KIA ပူးပေါင်းတပ်တွေ ချဉ်းကပ်လာပြီး နယ်စပ်မှတ်တိုင် ၃၀ အထိ ရောက်ရှိနေပြီလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျနော်တို့ KIA ပူးပေါင်းတပ်ဘက်ကတော့ နယ်စပ်မှတ်တိုင် ၃၀ အထိ ရောက်ထားပြီ။ မှတ်တိုင် ၃၁ က ခေါင်လန်ဖူးပြည်သူ့စစ်ဌာနချုပ် ထိုင်ထားတဲ့နေရာဖြစ်တော့ အတော်လေးနီးကပ်လာတဲ့ အနေအထားပါ။ စစ်ကောင်စီပူးပေါင်းတပ်တွေကတော့ ခေါင်လန်ဖူးကနေ နေ့ညမနား ထိုးစစ်ဆင်လာနေတာ ဟုတ်တယ်။ အကျအဆုံးလည်း တော်တော်များတယ်လို့ ပြောပါတယ်

ဒါကြောင့် စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းတပ်တွေက သူတို့ထိန်းချုပ်ထားတဲ့ ခေါင်လန်ဖူးမြို့နဲ့ မှတ်တိုင် ၃၁ မကျရေးအတွက် မှတ်တိုင် ၃၀ ဘက်ကို ထိုးစစ်အရှိန် မြှင့်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ဩဂုတ်လအတွင်း မှတ်တိုင် ၃၀ ဘက်ကို ၅ ကြိမ်ထက်မနည်း ထိုးစစ်ဆင်ခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ မှတ်တိုင် ၃၁ အနီးဝန်းကျင်မှာပဲ ရှိနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၅ ရက်ကလည်း မှတ်တိုင် ၃၀ ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရေးနိမ့်ပြန်ဆုတ်သွားသလို တပ်သားတချို့ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မှတ်တိုင် ၃၀၊ အမတ်ပေါ်အထက်နားမှာ လှုပ်ရှားရင်း ထိတွေ့ကြတာ။ စစ်ကောင်စီစစ်သားတချို့ ဖမ်းမိထားတာရှိတယ်။ အရေအတွက်အတိအကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ခေါင်လန်ဖူးမြို့ကို လက်မလွှတ်ရေးအတွက် မှတ်တိုင် ၃၀ ဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေရာမှာ ခေါင်လန်ဖူးမြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေကို အဓမ္မခေါ်ယူပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ယူခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မှတ်တိုင် ၃၀ နဲ့ အမတ်ပေါ်ဘက်ကို စစ်ကြောင်းထိုးနေစဉ် လက်နက်ကြီးပစ်ခတ်တာနဲ့ အသေခံဒရုန်းတွေ အသုံးပြုပြီး ကျေးရွာတွေထဲ ဗုံးချတိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ဒါကြောင့် အမတ်ပေါ်၊ ရှိန်းခေါင်အပါအဝင် မှတ်တိုင် ၃၀ အနီးတဝိုက်က ကျေးရွာနေပြည်သူတွေဟာ ဇူလိုင်လကတည်းက ပူတာအိုမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ စစ်ရေးအရ အရေးပါတဲ့ လမ်းပိုင်းမှာရှိတဲ့ ခေါင်လန်ဖူးမြို့နယ်က လာဟီဆင်ရှေ့တန်းစခန်းနဲ့ ဆော့လော်မြို့နယ်က လန်ဆယ်ရွာတို့ကို ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီပူးပေါင်းတပ်တွေက လက်လွှတ်ခဲ့ရတဲ့ လာဟီဆင်နဲ့ လန်ဆယ်ကို ပြန်ရရှိရေးအတွက် ၂၀၂၅ ခုနှစ်တစ်နှစ်လုံး ထိုးစစ်ဆင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လက်ရှိမှာတော့ လာဟီဆင်နဲ့ လန်ဆယ်ဘက်က ထိုးစစ်တွေကို ရပ်နားထားပြီး ခေါင်လန်ဖူးမြို့နဲ့ နီးကပ်လာတဲ့ မှတ်တိုင် ၃၀ ဘက်ကို အဓိကထားကာ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button