သတင်း

ကချင်ပြည်နယ် မနောပွဲတော် ကျင်းပနိုင်ဖို့ ပဋိပက္ခဖြစ်နေ

ဇန်နဝါရီလ ၁ဝရက်နေ့ ကျရောက်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ၆၃ ကြိမ်မြောက် မနောပွဲတော်ကြီး ကျင်းပ ပြုလုပ်ရန်အတွက် စစ်အစိုးရမှ ဦးဆောင်သွားမည် …

ဇန်နဝါရီလ ၁ဝရက်နေ့ ကျရောက်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ၆၃ ကြိမ်မြောက် မနောပွဲတော်ကြီး ကျင်းပ ပြုလုပ်ရန်အတွက် စစ်အစိုးရမှ ဦးဆောင်သွားမည် ဖြစ်သောကြောင့် မနော ဖြစ်မြောက်ရေး ကော်မတီ အတွင်း၌ စစ်အေးတိုက်ပွဲ ဖြစ်နေသည်ဟု မနော ဖြစ်မြောက်ရေး ကော်မတီခွဲမှ အဖွဲ့ဝင် တစ်ဦး ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျအောင် အမိန့်ဖြစ် မနောပွဲတော် ကျင်းပပြုလုပ်ဖို့ရန် ဒုတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း (ကချင်ပြည်နယ် တိုင်းမှူး ဟောင်း) အား ဥက္ကဋ္ဌအဖြစ် ဒီဇင်ဘာ ၆ ရက်နေ့ ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ် ဇေယျာအောင်မှ ယခင်မရှိသော “ဦးစီးကောင်စီနှင့် အကြံပေးအဖွဲ့” ဟု နှစ်မျိုး ထပ်တိုး ဖွဲ့စည်းပေးလိုက်သည်။

မနောဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလခီလအောင်အား အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်သည်။

ယခုလို စစ်အစိုးရမှ ဦးဆောင်ကျင်းပလာခြင်းသည် မြစ်ကြီးနား ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွတ်တော် အမတ် ဦးသိန်းဇော်သည် ကျပ်သိန်း ၅ဝဝ ရံပုံငွေရှာပေးကာ အနောပွဲတော် ကျင်းပရန် တွင် နေရာယူလာသော ကြောင့် ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီမှ မည်သည်ကိုမှ တိုင်ပင်ခြင်းမရှိပဲ မနောဖြစ်မြောက်ရေးကော်မတီ သီးသန့်ဖွဲ့စည်းကာ မနောပွဲတော်အား ကြံ့ခိုင်ရေးပါတီ အောင်ပွဲခံအနေဖြင့် ပြုလုပ်ကျင်းပမည့် အစီအစဉ်ရှိနေကာ ယခင် နှစ်စဉ်နှစ်တိုင်း ပွဲတော်ကျင်းပပြုလုပ်ပေးနေသည့်  “ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီနှင့် မနော ဖြစ်မြောက်ရေးကော်မတီ” တို့မှ ယင်းလုပ်ဆောင်နေသည့် လုပ်ငန်းမှ ရပ်နားမည့်အခြေအနေထိ ရောက်ရှိနေပြီး ကြံ့ခိုင်ရေးပါတီနဲ့ အခြေအတင်ဖြစ်နေသည်ဟု မနောဖြစ်မြောက်ရေးအကြံပေး အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

၎င်းမှ ဆက်ပြီး “မနောဖြစ်မြောက်ရေးကော်မတီကို ရုပ်သိမ်းလိုက်ပြီဆိုပြီး လုပ်တော့ ပယက မင်းကြီး (ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီ) သူတို့က ဟာ အဲလိုတော့ မဖြစ်တော့ဘူး။ စည်းလုံးမှုမှာ ပျက်ပယ်သွားလိမ့်မယ်ဆိုပြီး ခုတော့ အရင်နဲ့မတူ နယကရှိမယ်၊ ဦးစီးကောင်စီ၊ အကြံပေးအဖွဲ့၊ ပြီး နောက်ဆုံးမှ မနောဖြစ်မြောက်ရေးရှိလာတယ်။” ဟု ဆက်ပြောသည်။

ဦးစီးကောင်စီတွင် ယခင် မနောဖြစ်မြောက်ရေး အဖွဲ့ဝင်များ နှင့် ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်များ အားလုံးရောနောပါဝင်ဖွဲ့စည်းလိုက်ကာ ယခုမနောဖြစ်မြောက်ရေးကော်မတီအား ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်များအား နေရာပေးလိုက်သည်ဟု သိရသည်။

ဒေသခံများမှလည်း အကယ်၍ ကြံ့ခိုင်ရေးပါတီမှသာ မနောပွဲတော်အား ကျင်းပမည့်ဟုဆိုသော် ၎င်းသို့အနေနဲ့ ထည့်လှူထားသည့် အလှူငွေများ ပြန်လည် အမ်းပေးရန် တောင်းဆိုလာပြီး၊ ကော်မတီခွဲတွေမှလည်း ဘယ်ဌာနမှ ပါဝင်ခြင်းမရှိတော့ကြောင်း ပြောလာသည်ဟု အကြံပေးအဖွဲ့ဝင်မှပင် ဆက်ပြောသည်။

တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းမှ နောက်လ ကျင်းပတော့မည့် ကချင်ပြည်နယ် မနောပွဲတော်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ပွဲတက်ရောက်ခွင့် မရှိ အမိန့်ပေး ပိတ်ပင်လိုက်သည်။

“KIO လည်း မလာနိုင်တော့ဘူးဆိုတော့ ပွဲကို နှစ်ရက်ပဲ ကျင်းပဖို့ စီစဉ်လိုက်တယ်။ အရင်နှစ်တွေက ၄ရက် ကျင်းပတယ်။” ဟု အကြံပေးအဖွဲ့ဝင်မှ ဆက်ဆိုသည်။

မနောပွဲ စျေးခင်းပွဲအား ဒီဇင်ဘာ ရရက်နေ့မှ စတင်မှာဖြစ်သော်လည်း မနောကရက်အား ၂ရက်သာ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ပြီး KIO မလာနိုင်၍ မနောပွဲတော် ပွဲခင်း ဧရိယာကိုလည်း ယခင်ပြုလုပ်သည့် ဧကထက် လျော့လိုက်ကြောင်း ယခင် ပွဲခင်းသည် ဧရိယာ ၉၃ဧက ကျင်းပပြီး ယခုမနောပွဲတော်တွင် ယခင် IC ရှိုးကျင်းပနေသည့် နေရာ၌ မပြုလုပ်တော့ပဲ ဧရိယာ ၂၄ဧကတွင်သာ ကျင်းပတော့မည်ဖြစ်သည်ဟု သူမှ ပြောသည်။

ယခုလို စစ်အစိုးရမှ ရဲမင်းကြီး၊ ခရိုင်ရဲမင်းကြီး၊ ခယက၊ ပယက၊ စစ်တပ်မှ ကြီးမှူး ကွပ်ကဲနေခြင်းသည် “အခုကကျတော့ ဒီမနောပွဲကို သူတို့ကချုပ်ကိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရိုးရာက ဘယ်လိုမျိုး ဟုတ်တယ်ဆိုတာ သူတို့ကကောင်းကောင်းသိမှာမဟုတ်ဘူးဗျ။ ဒါတွေကတော့ ဆုံးရှုံးသွားနိုင်တာပေါ့။” ဟု ဒေသခံတစ်ဦး မကျေမနပ် ဖြစ်နေကြကြောင်း ပြောသည်။

Show More

Related Articles

Back to top button