အင်တာဗျူး

ခေတ်စားလာတဲ့ ဒီဇိုင်းထွင် ကချင်ရိုးရာ ရက်လုပ်ထည်

အရောင်အသွေးစုံလင်သည့် ကချင်တိုင်းရင်းရိုးရာ ရက်လုပ်အထည်ဆန်းများကို ယခင်က ရိုးရာအသုံးဆောင်အဖြစ် နေ့ထူးနေ့မြတ်ရက်များတွင်သာ ၀တ်ဆင်လာခဲ့ကြရာမှ ယခုအခါ ခေတ်နှင့်အညီ ဒီဇိုင်းများ …

အရောင်အသွေးစုံလင်သည့် ကချင်တိုင်းရင်းရိုးရာ ရက်လုပ်အထည်ဆန်းများကို ယခင်က ရိုးရာအသုံးဆောင်အဖြစ် နေ့ထူးနေ့မြတ်ရက်များတွင်သာ ၀တ်ဆင်လာခဲ့ကြရာမှ ယခုအခါ ခေတ်နှင့်အညီ ဒီဇိုင်းများတီထွင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ၀တ်စားဆင်ယဉ်လာကြသည်ကို တွေ့မြင်နေရသည်။

Bawsang ခေါ် ကချင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော့၊ ရဝမ်၊ လချိတ်၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လီဆူမျိုးနွယ် များ၏ ရိုးရာရက်လုပ်ထည်များကို ယခင်က ဘုရားကျောင်း၊ ပွဲလမ်းသဘင်နှင့် နေ့ထူးနေ့မြတ်ရက်များတွင်သာ ၀တ်ဆင်လာခဲ့သော်လည်း ယခုအခါတွင် ခေတ်နှင့်အညီ ဒီဇိုင်းသစ်များ ဖန်တီးကာ ၀တ်ဆင်လာကြသဖြင့် အနုပညာရှင်များသာမက ခေတ်လူငယ်များအကြား ရေပန်းစားလျက်ရှိသည်။ “ကချင်ရိုးရာအဆင်းက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်။ လှတယ်။ တခြားအဆင်တွေနဲ့မတူဘူး။ ပွဲတွေသွားလည်းထည်တယ်။ လူတွေကလည်း စိတ်ဝင်စားလို့ဝတ်တာဖြစ်တယ်။ အခုနောက်ပိုင်းတွေမှာ မင်္ဂလာဆောင်တွေမှာ ဝတ်လာတာများတယ်” ဟု ကချင်တိုင်းရင်းသူ မော်ဒယ် အောန်ဆိုင်းက ဂုဏ်ယူစွာ ပြောဆိုသည်။

ယခုအခါတွင် ကချင်ရက်လုပ်အဆင်များကို လွတ်လပ်ပေါ့ပါးသည့် ဖက်ရှင်ဒီဇိုင်းများဖန်တီးကာ ဒီဇိုင်းအသစ်၊ ပုံစံအသစ်များဖြင့် ချုပ်လုပ်ကြပြီး ဖက်ရှင်ရှိုးပွဲမှအစ၊ မင်္ဂလာဆောင်ပွဲ အထိ တခန်းတနားဝတ်ဆင်လာကြရာ ကချင်ရက်လုပ်ထည်များ စျေးကွက်အတွင်း ရောင်းအားကောင်းလာကြောင်း ဒီဇိုင်းချုပ်လုပ်သူများနှင့် ရက်လုပ်ထည်များရောင်း သည့် စျေးဆိုင်များက ဆိုသည်။
“ဖက်ရှင်လောကလည်း Traditional pattern၊ တို့နိုင်ငံကလည်း traditional ethnic pattern တွေကို အရမ်းအားပေးလာတဲ့အခါကြတော့ ဖက်ရှင်ထွင်တာ ပိုများလာလေလေ ပရိသတ်ရော လူငယ်တွေအပိုင်းမှာရော၊ လူကြီးတွေမှာရော ပိုပြီးစိတ်ဝင်စားလာတာ ပိုများလာတယ်” ဟု နာမည်ကြီး ကချင်တိုင်းရင်းရက်လုပ်ထည် ‘Ingra’ ကချင်ရိုးရာရက္ကန်း ကျောင်းကို ဦးဆောင်နေသည့် Yup ဆိုင်းအိန်က ပြောသည်။

ယခင်က ကချင်ရိုးရာအထည်ဆန်းတမျိုးကို ဘုရားကျောင်းကန်၊ မင်္ဂလာဆောင်ပွဲ၊ အလျှူတန်းပွဲများတွင် အမျိုးသမီးအများစုက အပေါ်အောက် ၀မ်းဆက်ချုပ်လုပ်ကာ ၀တ်ဆင်ကြပြီး၊ အမျိုးသားအများစုမှာမူ ကချင်ပုဆိုးအစိမ်းကွက်နှင့် အဖြူရောင်အကျီတွဲကာ ၀တ်ဆင်လေ့ရှိကြသည်။

အမျိူးသမီး အဝတ်အစား ဒီဇိုင်းသစ် တစ်မျိုး။ခေတ်နှင့်အညီ ဒီဇိုင်းထွင်ချုပ်လုပ်ထားသည့် အဝတ်အစားများ စျေးကွက်အတွင်း ၀ယ်ယူသူများပြားလာသဖြင့် ယခုအခါတွင် ကချင်လူမျိုးများသာမက၊ အခြားလူမျိုးများကပါ နှစ်ခြိုက်စွာဝတ်စားလာကြသဖြင့် လူကြိုက်များသည့် တိုင်းရင်းအထည်ဒီဇိုင်းတမျိုး ဖြစ်သည်။

တရုတ်ပြည်  မန်ရှီမြို့နေထိုင်သူ ကချင်လူမျိုးများကလည်း ၎င်းတို့ဒေသတွင် ကချင်တိုင်းရင်းအထည်ဆိုင်အမြောက်အများ ဖွင့်လှစ်ထားသည်။ ထို့အပြင် ဂါဝန် ဒီဇိုင်းဆန်းချုပ်ထည်များကိုလည်း နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ကချင်ရိုးရာ ဖက်ရှင်ပြိုင်ပွဲများတွင် တခန်းတနား ၀တ်ဆင်ကြသည်။

ကချင်ရိုးရာအထည်များကို ရိုးရာမပျက် ဒီဇိုင်းတီထွင် အလှဖန်တီးသူ Asian Design Group အဖွဲ့ဝင်မှ Shayi Fashion  ဒီဇိုင်နာ အမျိုးသမီး ဘောက်ဆန် ကမူ ကချင်မိတ် (အဆင်ဆန်း) များကို ယခုအခါတွင် မင်္ဂလာဆောင်ဝတ်စုံ (သတို့သား၊ သတို့သမီး) ဒီဇိုင်းထွင် ချုပ်လုပ်နေရကြောင်း ယခုလို ပြောသည်။

“အဲဒီ်အမတို့ ကချင်တွေက မင်္ဂလာဆောင်ရင် ရိုးရာဝတ်စုံကိုဝတ်တယ်၊ နောက်ပိုင်း ဧည့်ခံတဲ့အချိန်မှာဆို တရုတ်ကလာတဲ့ သူတို့သမီးဝတ်စုံဂါ၀န် အကြီးကြီးတွေဝတ်ကြတယ်။ အမကအဲ့တာကို ဒီနှစ် ကချင်ပိတ်စနဲ့ စလုပ်တယ်ဆိုတော့ စျေးကွက်တစ်ခုလိုဖြစ်လာတယ်။ ဒီနှစ်ဆိုရင် မင်္ဂလာဆောင်ဝတ်စုံတွေလုပ်ဖြစ်တော့ သတို့သမီးတွေ မဆီလာအပ်တာ ပိုများလာတယ်” ဟု ဆိုသည်။

ယခင်က ရိုးရာမင်္ဂလာဆောင်ဝတ်စုံဖြစ်သည့် မန်မော် (ကချင်) ၀တ်စုံမှာ ထူပြီးလေးလံသည့်အတွက် ၀တ်ဆင်ရသည်မှာ အဆင်မပြေဖြစ်ခဲ့ရသော်လည်း ယခုအခါ ဒီဇိုင်းအသစ်နှင့် ချုပ်လုပ်ဝတ်ဆင်လာသည့် ၀တ်စုံများမှာ အသွင်ဆန်းကာ ၀တ်ဆင်ရလွယ်ကူမည့်အသွင်ရှိကြောင်း ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကောင်မတီအဖွဲ့ဝင် တဦးက မှတ်ချက်ပေး ပြောဆိုသည်။

“အထည်တွေကို ရိုးရိုးပုံတုံးနဲ့ဝတ်ရင် ဘယ်သူမှသဘောကျမှာမဟုတ်ဘူး။ ခုလိုဖက်ရှင်ဒီဇိုင်းနဲ့ ဝတ်ဆင်လာတော့ မြင်တဲ့သူတိုင်းလည်း ကြိုက်နှစ်သက်လာမယ်” ဟု ဂုဏ်ယူဝမ်းမြောက်စွာ ပြောဆိုသည်။

သူက ဆက်ပြီး “ကိုယ့်ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုယ့်ရိုးရာ ဝတ်စားဆင်ယင်မှု ခေတ်နဲ့အညီ ဒီဇိုင်းထွင်ပြီးမှ ဆန်းပြားအောင်ဝတ်ဆင်ပြီးမှ ဖော်ထုတ်ပြီးမှဝတ်တာကို ကျတော်တို့ အားပေးပါတယ်။  သရုပ်ပျက်တာတို့ လုပ်ရင်တော့ မကောင်းဘူးပေ့ါ” ဟု မှတ်ချက်ပေး ပြောဆိုသည်။

အမျိူးသမီး အဝတ်အစား ဒီဇိုင်းသစ် တစ်မျိုး။ကချင်ရိုးရာလုပ် ဒီဇိုင်းအထည်များကို ကချင်ရိုးရာ ကောက်သစ်စားပွဲ၊ ခရစ်စမတ်လရာသီနှင့် နှစ်သစ်ကူးပွဲ စသည့် အထူးပွဲနေ့များ နီးကပ်လာချိန်တွင် ယခင်ကထက် ပိုမိုအရောင်းသွက်လေ့ရှိကြောင်း ရန်ကုန်မြို့ရှိ Shayi Fashion ဆိုင်မှ ဒီဇိုင်နာ ဘောက်ဆန်က ယခုလိုဆိုသည်။

“ဆောင်းတွင်းမှာ ပိုရောင်းအားတက်တယ်။ ဆောင်းတွင်းမှာ ပွဲပိုများတော့ပိုရောင်းရတယ်၊ အခုနောက်ပိုင်းအမျိုးမျိုးရှိတာကိုး ဂျက်ခုတ်ထည်တို့ ဆောင်းတွင်းမှာ ဝတ်ရတာအဆင်ပြေတယ်လေ။ ကချင်မိတ်တွေကို စီးကွက်ထိုးတယ်၊ pattern တွေပိုကြွလာအောင်ပေ့ါ” ဟု ပြောသည်။

ထို့အပြင် ယခုလို ကချင်အထည်များကို ဒီဇိုင်းထွင်ချုပ်ရာတွင် အခြားအထည်များထက် ပိုမိုလက်ဝင်ကာ ချုပ်ရသည်မှာ အချိန်ပိုမိုယူရကြောင်း သူမက ဆိုသည်။

ကချင်မိတ် (မကာ) တစ်ခုစီတွင် လေးနက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များရှိနေရာ ထိုအဆင်များကို ဒီဇိုင်းထွင်ချုပ်လုပ်ရာတွင် ကိုယ်တိုင်လေ့လာကာ အထူးသတိထား ဒီဇိုင်းဖော်ချုပ်ရကြောင်း သူမက ယခုလို သတိပေးပြောဆိုသည်။

“အမတို့တော်တော်လေ့လာရတယ်။ သူ့အဓိပ္ပါယ်လည်း မပျက်အောင်၊ ရိုးရာလည်းမပျက်အောင်၊ ခေတ်လည်း မှီအောင်၊ ကချင်လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ရိုးရာကို တန်ဖိုးထားပြီး ဝတ်ခိုင်းစေချင်တယ်။ လူငယ်တွေလည်း မသိကြတော့ လေ့လာစေချင်တယ်။ တန်ဖိုးထားဝတ်စေချင်တယ်” ဟု ပြောဆိုသည်။

Yup ဆိုင်းအိန် မှလည်း “ဥပမာ ကချင်အမျိုးသားဝတ် pattern ကို အမျိုးသမီးဂါဝန်မှာ ကပ်လိုက်တာတို့ တစ်ခေါက် အမကြံုဖူးတယ်။ ဂါဝန်မှာချုပ်ပေးလိုက်တာ သူတို့အနေနဲ့က ဒါမဖြစ်သင့်ဘူး၊ သဘော မကျဘူးပေ့ါ။ ရိုးရာမှာ အမျိုးသားပဲ ဝတ်ကြတယ်၊ မဝတ်သင့်ဘူးလို့ ပြောထားတာရှိတယ်” ဟု သူမအတွေ့အကြံုကို ပြန်လည်ပြောပြသည်။

လာမည့် ၂၀၁၀ ဇန်နဝါရီ ၁၀-ရက်နေ့သည် (၆၃) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် မနောပွဲတော်ကိုကျင်းပပြုလုပ်မည်ဖြစ်ရာ မနောမယ်များအား ကချင်ရိုးရာဝတ်စုံများဖြင့် ဒီဇိုင်း အဆန်းများဝတ်ဆင်ကာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထိုပွဲတော်မှာပင် ကချင်မိတ် (မကာ) အပြင် ကချင်မျိုးနွယ်စုများ၏ ရိုးရာအဝတ်အထည်များနှင့် အဆင်ဒီဇိုင်းထွင် ချုပ်လုပ်ထားသည့် အဝတ်အထည်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း မနောမယ်ကော်မတီဝင် Yup ဆိုင်းအိန် ကဆိုသည်။

ယခုလို ခေတ်နှင့်အညီ ကချင်ရိုးရာအထည်ဆန်းများကို ဖက်ရှင်ဒီဇိုင်းထွင်ချုပ်လုပ်ကာ လူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့် ၀တ်ဆင်လာကြခြင်းကို လက်ခံ ကြိုဆိုသူများရှိသလိုပင်၊ တဖက်တွင် ကချင်လူမျိုးတို့၏ ခေတ်အဆက်ဆက် လက်ကမ်းလာခဲ့သည့် ဓလေ့၊ ရိုးရာနှင့် ၀တ်စားဆင်ယဉ်မှုကို အနှစ်သာရ မပျက် ထိမ်းသိမ်းကာကွယ်သင့်ကြောင်း အဆိုပြုသူများလည်း ရှိနေသည်။

Show More

Related Articles

Back to top button