လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကချင်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ် အချိန်မတန်သေးဟု WMR အဖွဲ့သတိပေး

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တုထားရှိမည့်ကိစ္စကို အချိန်မတန်သေးကြောင်း ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) က ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ သတိပေးစာပေးပို့ထားသည်ဟု WMR ဥက္ကဌ ဒူဝါလထော်ခွန်ဆိုင်းက ပြောသည်။

“ဗိုလ်ချုပ်ကြေးရုပ် ဒီမှာထားဖို့က အခုမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးနေတယ်။ ပင်လုံ ကတိကဝတ် ရဖို့ ကြိုးပမ်းနေတာ ဘာကတိကဝတ်တောင် မရသေးဘဲနဲ့ ဗိုလ်ချုပ်ကြေးရုပ်က ကချင်ပြည်နယ်မှာ ထားမယ်ဆိုတာက စဉ်းစားစရာပါ” ဟု သူကပြောသည်။

မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ် ကြေးရုပ် ထားရှိရန် ကချင်ပြည်သူများ သဘောထား ကွဲလွဲနေပြီး ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူရန် အချိန်မတန်သေးကြောင်းနှင့် ဗိုလ်ချုပ်ပေးခဲ့သော ကတိကဝတ်များ ပြည့်စုံပြီး မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာသည့် နေ့ထိ ဗိုလ်ချုပ် ရုပ်ထု စိုက်ထူမည့် ကိစ္စ ဆိုင်းငံ့ပေးထားရန် ဇန်နဝါရီလ ၂၆ ရက်က သတိပေးစာပေးပို့ခြင်းဖြစ်သည်ဟု သူက ပြောသည်။

“အခုက ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေလည်း ကုန်၊ သစ်တွေလည်း ကုန်နေပြီ။ လူတွေက ပျက်ဆီးကုန်ပြီ။ အခု ဗိုလ်ချုပ်ရုပ်ထု ပြန်စိုက်မယ်ဆိုတာက ကချင်မြေတွေ ပျောက်သွားမဲ့ ပုံဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ WMR က ကချင်ပြည်နယ်မှာပြဿနာတွေ ရှိနေသေးတယ်။ ခေတ္တရပ်ဆိုင်းထားပေးပါ။ အချိန် မတန်သေး ဘူးဆိုပြီး သတိပေးတာပါ” ဟု သူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား အောက်မေ့သတိရခြင်း၊ နှစ် ၁၀၀ ပြည့်နှင့် ဗိုလ်ချုပ် စိတ်ဓါတ် ထာဝစဉ် ထွန်းကားရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်က ဗိုလ်ချုပ် ရုပ်ထု ထူထောင်ခွင့်ကို ဝန်ကြီးချုပ်ထံမှ ရရှိထားပြီး ဖြစ်၍ လာမည့် ဖေဖော်ဝါရီလ ၁၃ရက်တွင် စိုက်ထူမည့် နေရာတွင် အုပ်မြစ်ချမည်ဟု စီစဉ်ထားသည်ဟု ဗိုလ်ချုပ် ရုပ်ထုဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးမြတ်ကျော်သူ သူက ပြောသည်။

“ကျနော်တို့က ဒါက လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိတယ်ဆိုတော့ သူတို့အဖွဲ့အစည်းရဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့က အမျိုးသားနိုင်ငံရေးဖြစ်တဲ့အတွက်ကြောင့် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ဗိုလ်ချုပ်ကို နှစ် ၁၀၀ အထိန်းအမှတ်လည်းဖြစ်တယ်။ နောက် ဗိုလ်ချုပ် စိတ်ဓါတ်တွေ နိုင်ငံမှာ ပြန်လည် ထွန်းကားရှင်တန်လို့ ရှိရင် တိုင်းပြည်အတွက် အလွန်ကောင်းလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဗျာ” ဟု သူက ပြောသည်။

ဗိုလ်ချုပ် ကြေးရုပ်ကို လက်ရှိ မန္တလေးမြို့တွင် ထုလုပ်နေပြီး ၅၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီဖြစ်ကြောင်း ၎င်း ကြေးရုပ်ထုကို မြစ်ကြီးနားမြို့ ဆမားလမ်းနှင့် ဆွမ်ဘရာဘွမ်ကားလမ်း အထက (၁) ကျောင်းထောင့်တွင် စိုက်ထူရန် ဟု သူက ဆိုသည်။

ဗိုလ်ချုပ် ရုပ်ထုဖြစ်မြောက်ရေးကော်မတီက ကချင်ပြည်နယ် ဝန်ကြီးချုပ်သို့  ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်က ဗိုလ်ချုပ် ရုပ်ထုထူထောင်ရန် မြေနေရာတောင်းခံသည့် စာတင်ထားပြီး ထူထောင်ခွင့် ချပေးခြင်း မရှိသေးသော်လည်း အလှူခံခွင့်ကို ဒီဇင်ဘာလ ၂၅မှ ဇန်နဝါရီလ ၂၅ ရက်ထိ တစ်လကြာ အလှူခံ ခွင့်ပြုချက် ရထားသည်ဟု သူက ပြောသည်။

ကချင်အမျိုးသားအတိုင်ခံအဖွဲ့ WMR ကချင်လူမျိုးတို့၏ နိုင်ငံရေးရာကို ညှိနှိုင်းဆွေးနွေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ယခင်က ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များဖြင့်ဖွဲ့စည်းခဲ့သည်။ သို့သော် လက်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများ မပါဝင်တော့ဘဲ ကချင် လူမျိုးပေါင်းစုံမှ ခေါင်းဆောင်များဖြင့်သာဖွဲ့စည်းထားသည်။

Show More

Related Articles

Back to top button