လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

သမီးသေဆုံးမှု တိုင်ကြားသူ ဦးဘရန်ရှောင်အမှု ရှုံး စီရင်ချက် ချခံရ

လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသော ဖခင် ဦးဘရန်ရှောင် အမှုရှုံးနိမ့်ကာ ဖေဖော်ဝါရီလ ၁၃ ရက်က ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ချမှတ်လိုက်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်အုပ်စု (၁) ဆွမ်ငိုင်ယန်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မဂျာဆိုင်းအိန် သေဆုံးမှုကို ဖခင်ဖြစ်သူ တိုင်ကြားခဲ့သည်ဟု အစိုးရ စစ်တပ်က တရားစွဲဆိုခဲ့ရာ ရုံးချိန်းပေါင်း ၅၅ ကြိမ်တွင် ဖားကန့်မြို့နယ် တရားရုံးမှ တရားသူကြီး ဦးထွန်းဦးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“သူတို့ အမှုနိုင်တယ်။ ကျနော်တို့က အမှုရှုံးတယ်ဆိုပြီး ချမှတ်လိုက်တာ။ ကျနော်တို့ကို အရင် ရုံးချိန်းမှာ လျှောက်လွဲချက်ဘဲ တင်မယ်ဆိုပြီးပြောလို့ ကျနော်တို့လည်း လျှောက်လွဲချက်ဘဲ တင်မယ်ထင်တာ။ အဲဒီနေ့ တနေကုန် ထိုင်စောင့်ခိုင်းပြီးတော့ ည ၃ နာရီခွဲလောက်မှာ ခေါ်လို့ တရားခွင်မှာ ဦးဘရန်ရှောင် အမိန့်ချမယ်ဆိုပြီး အမိန့်ချလိုက်တယ်” ဟု ဦးဘရန်ရှောင်က ပြောသည်။

ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းမှာ တရားမျှတသော တရားစီရင်ခြင်း မဟုတ်သဖြင့် ကျေနပ်မှု မရှိသော်လည်း တရားသူကြီး ဦးထွန်းဦးအနေဖြင့် ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီး အထက်အမိန့်အရ အမိန့်ချမှတ်ခြင်း ဖြစ်မည်ဟု သူက ပြောသည်။

ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်းထဲမှာ ဒဏ်ရာ ကျပ် ၅ သောင်းကိုသာ ဒဏ်ငွေ ဆောင်ခဲ့ပြီး မကြာမီ တရားရုံးအဆင့်ဆင့်သို့ အမှု အယူခံ ဝင်မည် ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က မဂျာဆိုင်းအိန် သေဆုံးခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်တွင် ဖခင် ဦးဘရန်ရှောင်က အစိုးရ စစ်တပ်၏ ပစ်ခတ်လိုက်သော ကျည်ဆံ ထိမှန်၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်ကို မမှန်မကန် တိုင်တန်းသည်ဟုဆိုကာ အစိုးရ၏ စစ်တပ်မှ ဒု စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်မင်းပိုက်က ပုဒ်မ ၂၁၁ အသေရေဖျက်မှုဖြင့် တရားစွဲခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်မှစတင်၍ အမှုကိုစတင် ရင်ဆိုင်ခဲ့ရာ တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်က တရားရုံးသို့ ပထမဆုံး ရုံးချိန်းသို့ တက်ရောက်ခဲ့ရာ မဂျာဆိုင်းအိန် သေဆုံးမှုသည် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIA) ၏ မိုင်းဗုံးကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ထို့နောက် တရားရုံးက အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း မတက်ရောက်ခဲ့ဘဲ တစ်နှစ်ကျော်ကြာပြီး ယခုနှစ် ဇန်နဝါရီလက ၅၀ ကြိမ်မြောက် ရုံးချိန်းတွင်သာ တရားလို ဒု-စစ်ဆင်ရေးမှူး ဇာနည်မင်းပိုက်က ဒုတိယအကြိမ် တက်ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးဘရန်ရှောင်သည် သမီးဖြစ်သူ သေဆုံးမှုအပေါ် မှန်ကန်စွာ ဖော်ထုတ်နိုင်ရန်အတွက် ကော်မရှင်တရပ်ဖွဲ့စည်း ၍ ဖော်ထုတ်ပေးရန် ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့သည်။

Show More

Related Articles

Back to top button