စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

တိုက်ပွဲကြောင့် ရွာသား ၇၀၀ ခန့် ထပ်မံ ထွက်ပြေး တိမ်းရှောင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဂိုးမြို့နယ်အတွင်းရှိ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပါအဝင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲ ဖြစ်ပွားသဖြင့် ရွာသား ၇၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မူဆယ်ခရိုင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စစ်ပြေးဒုက္ခများ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ဆရာ Sumlut Brang San က ပြောသည်။

သံလွင်မြစ် နောက်ဘက်ခြမ်းတွင် မုံးဂိုးမြို့နယ် Hpawng Seng (ဖောင်းဆိုင်) ဒေသအနီး တပ်ပေါင်းစုတပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲကြောင့် Hpawng Seng အနီးတဝိုက်ရှိ ကျေးရွာ ၈ ရွာခန့်မှ ရွာသားများ ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်၍ တရုတ်-မြန်မာနယ်စပ်သို့ ခလွမ်ခရက်တွင် ခိုလှုံနေရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်ဟု သူက ပြောသည်။

“Hpawng Seng Bum (တောင်) အနားတဝိုက်မှာ ၈ ရွာလောက်ရှိတယ်။ အဲဒီက ရွာသားတွေ ၇၀၀ လောက်က မနေ့ကနေ ထွက်ပြေး နေကြတာ။ ကျနော်တို့ သွားခေါ်ဖို့ သူတို့ကို ဆက်သွယ်ကြည့်တော့ လမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတော့ သွားခေါ်ဖို့ ခက်နေတယ်။ အခု လောလောဆယ် နေဖို့နဲ့ အစားအသောက်တွေ မရှိလို့ ဒုက္ခရောက်နေတယ်” ဟု သူက ပြောသည်။

ယင်းစစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံသို့ ခိုလှုံရန် တရုတ်အစိုးရက လက်မခံသဖြင့် မြန်မာ-တရုတ်နယ်စပ် Hka Lum (ခလွမ်) တွင်သာ ခိုလှုံနေရသည်ဟု သူက ပြောသည်။

“အဲဒီဘက်မှာ နေ့တိုင်းလို တိုက်ပွဲဖြစ်နေတာ။ ရွာ ၇ ရွာ ၈ ရွာမှာ နေလို့ မရတော့ဘူး။ သူတို့က ကိုးကန့်ဘက် တိုက်ပွဲဖြစ်လို့ တရုတ်တွေ သံလွင်မြစ်ဖြတ်ပြီး ဒီဖက်ကိုလာရင် အစိုးရ စစ်တပ်က ပြန်ပစ်မယ်ဆိုပြီး စောင့်နေတာ။ အဲဒီမှာ တိုင်းရင်းသားပူးပေါင်းတပ်တွေနဲ့ ပြန်တွေ့တော့ တိုက်ပွဲ ပြန်ဖြစ်တာ” ဟု သူက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေ မုံးဂိုးမြို့နယ်အတွင် နေစဉ် ဆိုသလို တိုက်ပွဲ အနည်းအကျဉ်း ဖြစ်ပွားနေသော်လည်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေမှုနှင့် ပတ်သက်၍ မသိရသေးကြောင်း KIA တပ်မဟာ ၄ မှ အရာရှိ တစ်ဦးက ပြောသည်။

သံလွင်မြစ်အရှေ့ဘက်ခြမ်း လောက်ကိုင်ဒေသဘက်တွင်လည်း မြန်မာအမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက် ၁၁ နာရီမှ ဖုန်းရွှေးရှန်းတွင် အစိုးရ စစ်တပ်က တိုက်လေယဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတွင်မြန်မာအမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် တအာင်းတပ်မတော် (TNLA)နှင့် ရခိုင်တပ်မတော် (AA) တို့ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ စစ်ပြေးဒုက္ခသည် ၃၀၀၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

Show More

Related Articles

Back to top button