သတင်း

မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသားများ ဆူပူဆန္ဒပြနေ

‘နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် မျှတမှုမရှိ’ ဟု ဆိုကာ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသားများ ယနေ့ မနက် ၄ နာရီခန့်မှ စတင်ကာ ဆူပူ ဆန္ဒဖော်ထုတ်နေသည်မှာ မွန်းလွဲပိုင်းထိပင် မပြီးဆုံးသေးကြောင်း သိရပါသည်။

အကျဉ်းသားများ တောင်းဆိုဆန္ဒပြ နေသည်မှာ ‘သတင်းမီဒီယာများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ရေး၊ လူ့အခွင့်အရေးကော်မရှင် နှင့်တွေ့ဆုံခွင့်၊ ဝန်ကြီးချုပ်ဖြင့် တွေ့ဆုံခွင့်တို့ဖြစ်ကြောင်း’ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးရုံး အကြီးတန်းစားရေး ဦးယော်နူးထံမှ သိရပါသည်။

သို့သော်လည်း မွန်းလွဲ ၃ နာရီအချိန်ထိ သက်ဆိုင်ရာမှ အကျဉ်းထောင်တွင်း အခြေအနေနှင့် စပ်လျှဉ်းပြီး သတင်းမီဒီယာများကို တရားဝင် ရှင်းလင်းဖြေကြားခြင်း မရှိသည်ကို တွေ့ရပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် မူးယစ်မှုဖြင့်ထောင်ကျနေသူများတွင်ပင် နှစ်ရှည်ကျခံရသူများ လွတ်ငြိမ်းခွင့်ရပြီး၊ နှစ်တိုများ လွတ်ငြိမ်းခွင့်မရခြင်း စသည့် မညီမျှမှုများကြောင့် ဖြစ်ရခြင်း ဖြစ်သည်ဟု ထောင်ဝင်စာ တွေ့ရန် စောင့်ဆိုင်းသော မိဘများ ပြောဆိုနေသည်ကို ကြားရပါသည်။

နေ့လည် ၁၁ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များ အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားစဉ် ထောင်ဝင်စာလာတွေ့သော မိဘများက အကျဉ်းသားများကို ရိုက်နက်ခြင်း မပြုရန် အော်ဟစ် တောင်းဆိုမှုများ ပြုခဲ့သည်။

“ရိုက်ပိုင်ခွင့်မရှိဘူးနော် အထဲက သူတွေကို၊ မရိုက်ရဘူးနော် ပြည်သူတွေ မကြိုက်ဘူး” ဟု အကျဉ်းသား မိသားစုဝင်များက ထောင်ဝင်းပြင်ပမှ ငိုကြွေး အော်ဟစ်တောင်းဆိုခဲ့ကြပါသည်။

ထိုနောက် မွန်းလွဲ ၂ နာရီတွင် အကျဉ်းထောင်သွားရာ လမ်းများကို တားဆီးပိတ်ဆို့ခဲ့ပြီး ၊ အကျဉ်းထောင်တွင်း အခြေအနေကောင်းသည့်အတွက် ထောင်ဝင်စာ တွေ့ရန် စောင့်ဆိုင်းနေသော မိသားစုဝင်များကို နောက်မှ လာတွေ့ရန် လုံခြုံရေးတာဝန်ရှိသူများ ပြောဆိုကာ လူစုလူဝေးနေမှုကို ရှင်းလင်းခဲ့သည်။

ထို့အပြင် မနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၃ နာရီခန့်အချိန်ထိ ရဲတပ်ဖွဲ့အင်အား ၁ ရာကျော် ဝင်ရောက်သွားပြီး လုံခြုံရေး အခြေအနေ ပိုမိုတင်းကြပ်ထားသည်ကိုလည်း တွေ့ရပါသည်။

“ရဲတွေကလည်း တစ်ယောက်ပြီးတစ်ယောက် အုပ်စုလိုက်ဝင်သွားပြီး ထွက်မလာတော့ ကိုယ့်သား ဟိုမှာ ဘာဖြစ်သွားပြီလဲ။ ဘယ်လိုများ ဖြစ်နေသလဲ စိုးရိမ်တာပေါ့။ ကျမကတော့ အထဲမှာ ဘာဖြစ်နေလဲ သိချင်တယ်။ ဒီထက် အကြီးအကဲတွေက လာမပြောဘဲ စောင့်တဲ့သူတွေကပဲ လာပြောတယ်ဆိုတော့ ကျမ အယုံအကြည် မရှိဘူးပေါ့။ ငါ့တို့သားတွေ တစ်ခုခုဖြစ်လို့ ထုတ်မလို့ ငါတို့ကို မောင်းထုတ်တာလားလို့ စိတ်ဝင်နေတယ်” ဟု ထောင်ဝင်စာတွေ့ရန် စောင့်နေသော ဒေါ်ညိုနွယ် ပြောပါသည်။

နိုင်ငံတော်သမ္မတ၏ မြန်မာ့နှစ်သစ်ကူး အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်အဖြစ် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၂၃၀၀၀ ကျော်ကို ၃ ကြိမ် လွတ်မြောက်ပေးခဲ့ပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင် ပထမတစ်ခေါက် လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် စုစုပေါင်း ၇၈၅ ဦး၊ ဒုတိယလွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ၁၃၀၀ ရှိခဲ့သော်လည်း တတိယအကြိမ်တွင် တစ်ဦးမှ လွတ်မြောက်ခြင်း မရှိခဲ့ပါ။

မေလ ၈ ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ စစ်ကိုင်းတိုင်း ကလေးမော်လိုက်ထောင်၊ ကရင်ပြည်နယ် ဘားအံထောင်၊ စစ်ကိုင်းတိုင်းေ ရွှဘိုထောင်၊ ပဲခူးတိုင်း သာယာဝတီထောင်၊ ဧရာဝတီတိုင်း ပုသိမ်ထောင် နှင့် ကချင်ပြည်နယ် မြစ်ကြီးနားထောင်တို့တွင် အကျဉ်းသားများ ဆူပူမှု ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

Show More

Related Articles

Back to top button