သတင်း

နေရပ်ပြန် ရှမ်းမြောက် ကချင်စစ်ရှောင်များအတွက် နေအိမ် အဆင့်သင့် မရှိသေး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ဝိန်းဆိုင် ကချင်စစ်ရှောင်များ မိမိနေရပ်သို့ ပြန်လာနေကြပြီ ဖြစ်သော်လည်း နေထိုင်ရန် အိမ် အဆင့်သင့် မရှိသေးကြောင်း စစ်ရှောင်ရွာသားများဆိုပါသည်။

Mungbaw (မုံးပေါ်)ကျေးရွာအုပ်စု Wing Seng (ဝိန်းဆိုင်)ကျေးရွာသို့ ပြန်လာကြသော စစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ပေးခြင်း မပြီးသေးမီ နေရပ်ပြန်ရန် ပြောဆိုလာသောကြောင့် နေစရာအိမ် မရှိခြင်းဖြစ်ကြောင်းပြောပါသည်။

“ကျနော်တို့က နောက်နှစ်ဒီအိမ်တွေဆောက်ပြီးတဲ့အချိန်မှ ပြန်မယ်လို့ပြောတာဟုတ်တယ်။ အသင်းတော် ဇုံနယ်ကနေ ခုပြန်ရတော့မယ်။ အသင်းတော်ဘုရားကျောင်းဝင်းမှာလည်း အစီစဉ်တွေအမျိုးမျိုးလုပ်နေတော့ နေရာကျဉ်းတယ်။ ဒီနှစ်ပြန်ရမယ်ဆိုတော့ ကျနော်တို့လည်း ဘယ်လိုမှလုပ်လို့မရတော့ဘူး” ဆိုပြီး စစ်ဘေးရှောင် ရွာသားတစ်ဦးမှ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

စစ်ဘေးရှောင်များသည် မူဆယ်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းတွင် ခိုလှုံနေကြသူများဖြစ်ပြီး နေရပ်ပြန်ရန် ယမန်နှစ်ကတည်းကပင် ဆန္ဒရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေကြကြောင်း ၎င်းကဆက်ပြောသည်။

“အစကတော့ မေတ္တာ(အဖွဲ့)က အိမ်ဆောက်ပေးမယ်ဆိုပြီး ကျနော်တို့အရမ်းဝမ်းသာခဲ့တယ်။ ဒါပေမယ့်နောက်မှာတော့ သူတို့လည်း ခုဒီနှစ်လောလောလတ်လတ်ဆိုရင်တော့ မဖြစ်နိုင်သေးဘူး ဒီနှစ် ဒီဇင်ဘာလလောက်မှ ဆောက်ဖြစ်မယ်။ လောလောဆယ်ဆယ် ဒီနှစ်ဒီမှာ အရင်နေကြအုံးဆိုပြီး လာပြောတယ်။ ဒီလိုဆိုရင်တော့ ကျနော်တို့လည်း အဆင်ပြေတာပေါ့ဆိုပြီး နေနေတာ နောက်ကျတော့ အလန့်တကြား ပြန်ရမယ်ဆိုတော့ ပြန်ခဲ့ကြတာပေါ့ ခုဒီမှာ တစ်ချို့ကတော့ အမျိုးတွေရဲ့အိမ်တွေမှာလိုက်နေကြတယ်။ တစ်ချို့ကတော့ သူများနွားတင်းကုပ်မှာ နေနေရတယ်။ ကျနော်တို့တော့ လိုက်နေဖို့လည်းမရှိတော့ သူများရဲ့ ထင်း ထားတဲ့နေရာနားမှာ မိုးကာတဲထိုးပြီးနေတယ်။” ဟု စစ်ဘေးရှောင် Slg. Ze Hkawng ကပြောသည်။

လတ်တလောတွင် နေရပ်ပြန်စစ်ဘေးရှောင်များအား မူဆယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ နေအိမ်သစ် ဆောက်လုပ်မည့်သူများအတွက် ကျပ်ငွေ ၁၅ သိန်း၊ အိမ်ပြုပြင်မွန်းမံမည့်သူများအတွက် ၃ သိန်း ထောက်ပံ့ပေးနေပြီး လူတစ်ဦးလျှင် ၁ လ ဆန် ၆ပြည်ထောက်ပံ့ပေးနေကြောင်း ၎င်းကဆက်ပြောသည်။

ယခု နေရပ်ပြန်သည့် စစ်ဘေးရှောင်များသည် မူဆယ်ကချင်နှစ်ခြင်းအသင်းတော်တွင် ၅နှစ်သာ ခိုလှုံနေထိုင်ခဲ့ကြပြီး နေရပ်ပြန်ရန်စီစဉ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မူဆယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ Rev. Zau Ra က ယခုလိုဆိုသည်။

“မူဆယ်စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့အတွက် ကျနော်တို့ ဝိန်းဆိုင်ဒေသက အသင်းတော်ခေါင်းဆောင်တွေနဲ့ တိုင်ပင်ခဲ့ကြတယ်။ ဘာလို့ပြန်ဖို့ စီစဉ်ခဲ့လဲဆိုတော့ ပထမအချက် မူဆယ်စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို အစိုးရက တရားဝင်စစ်ရှောင်အဖြစ် မသတ်မှတ်ပေးဘူး။ အဲလို မသတ်မှတ်တော့နိုင်ငံတကာက အထောက်အပံ့တွေလည်း အားလုံးမထောက်ပံ့တော့ဘူး။ နောက်တစ်ချက်က ကျနော်တို့မူဆယ်မှာက ကုန်သွယ်စီးပွားရေးဇုံဆိုတော့ မူးယစ်သောက်စားတာတွေရှိတဲ့နေရာဖြစ်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူဆို ပျက်စီးလာနိုင်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့အနေနဲ့လည်း အသင်းတော်ကနေ ထောက်ပံ့တာတွေလည်း အားနည်းတဲ့အတွက် စစ်ရှောင်တွေကို နေရပ်ပြန်ဖို့အတွက် စီစဉ်ရခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မူဆယ်စစ်ရှောင်စခန်းမှ စစ်ရှောင်များသည် အိမ်ခြေ ၄၀ခန့်ရှိပြီး ယင်းစစ်ရှောင်များသည် နိုင်ငံတကာအထောက်အပံ့များ မရသည့်အပြင် နေရပ်ပြန်ရန်အတွက် စီစဉ်ပေးသည့်နေရာတွင် အဆင်မပြေမှု များစွာရှိကြသည့်အတွက် ယခုအချိန်တွင် မိမိနေရပ်ဒေသသို့ပြန်လည်ရောက်ရှိသည့် အိမ်ထောင်စုသည် ၁၀ အိမ်ထောင်စုသာရှိပြီး ကျန်သည့်အိမ်ထောင်စုများသည် အခြားကျေးရွာအသီးသီးတွင် သွားရောက်ခိုလှုံရပြီး အဆင်မပြေမှု များစွာရှိနေကြကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ကျနော်တို့ မုံးပေါ်နှစ်ခြင်းအသင်းတော်ဘက်ကလည်း စစ်ဘေးရှောင်တွေကို သိပ်ပြီးတော့ မကြည့်ပေးနိုင်ခဲ့ဘူး။ ကျနော်တို့မှာလည်း အားနည်းချက်အများကြီးရှိခဲ့တယ်။ အဲဒါကြောင့်မို့ နောက်ဆုံးတော့ ကျနော်တို့အသင်းတော်ကနေ နေရပ်ပြန်ဖို့အတွက် သွားခေါ်တယ်။ ကိုယ့်ဒေသ ကိုယ့်နေရာမှာဘဲ လုပ်ကိုင်စားသောက်ဖို့ မြေနေရာတွေလည်း လုပ်နေတဲ့သူတွေမရှိရင် သူများလက်ထဲဘဲ ပါသွားနေလို့ ခုလိုစစ်ဘေးရှောင်တွေကို ပြန်လည်ခေါ်ယူခြင်းဖြစ်တယ်” ဟု မုံးပေါ်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ Rev. Tang Gun က ဆိုသည်။

မူဆယ်စစ်ဘေးရှောင်များသည် ၂၀၁၇ ခုနှစ် မတ်လမှစကာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တပ်မတော်တို့ကြားပြင်းထန်သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများဖြစ်ပြီး မိုးတွင်းကာလရောက်ရှိလာပြီဖြစ်သော်လည်း နေစရာတဲအိမ် မရှိသေးဘဲ ဒုက္ခအမျိုးမျိုးရင်ဆိုင်နေကြရသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လာရောက်ထောက်ပံ့ပေးရန် မျှော်လင့်နေကြသည်။–

Show More

Related Articles

Back to top button