သတင်း

ဧရာဝတီမြစ် တံတား ဖောက်ခွဲခြင်း မရှိစေရန် တပ်နှင့်ရဲ ပူးပေါင်း လုံခြံရေးယူ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်တံတားအား မိုင်းထောင်ဖောက်ခွဲခြင်း မရှိစေရန် တပ်မတော် နှင့် ရဲ ပူးပေါင်း လုံခြုံရေးယူထားရသေကြောင့် ညပိုင်း လမ်းပိတ်ထားရကြောင်း အာဏာပိုင်များဆိုပါသည်။

မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားကို ၂၄ နာရီ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ညပိုင်းပိတ်ပင်ရခြင်းမှာ လုံခြုံရေးကိစ္စများနှင့် တရားမဝင် ကုန်ပစ္စည်းများ၊ နိုင်ငံခြားသားများကို စီစစ်ရန်ဖြစ်သည်ဟု ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်သူ့လွှတ်တော်တွင် ပြောဆိုလိုက်ပါသည်။

သြဂုတ်လ ၂ရက်နေ့ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမုန်အစည်းအဝေး သတ္တမနေ့တွင် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး (Slg. Lagang Ze Jung) ဗလင်မင်းထင်တံတားကို ပြည်သူများသွားလာမှု (၂၄) နာရီ ပိတ်ချိန်မရှိခွင့်ပြုပေးရန်နှင့် မလိုအပ်သောစစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးရန် အစီစဉ် ရှိ မရှိမေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဗလမင်းထင်တံတားကို ည ၉ နာရီ မှ နံနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပြီး လတ်တလောနယ်မြေ အခြေအနေအရ တံတားအား မိုင်းထောင်ဖောက်ခွဲခြင်းများ မရှိစေရန် တပ်မတော်နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းကာ လုံခြုံရေး ပေးနေကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ ပေးပို့သော အချက်အလက်များနှင့်အတူ ဖြေကြားခဲ့ပါသည်။

အဆိုပါ မေးခွန်းအား ပြည်သူ့လွှတ်တော်တွင် မေးမြန်းရခြင်းအကြောင်း ဝိုင်းမော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Lagang Ze Jung က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ကျနော်အနေနဲ့တင်ပြဖြစ်ခဲ့တာက ပြည်သူတွေရဲ့တောင်းဆိုမှုပါ။ ဝိုင်းမော်နဲ့ မြစ်ကြီးနားက အဝေးကြီးလဲ မဟုတ်ဘူး။ တံတား တစ်ခုဘဲခြားတယ်။ ဒီကြားမှာ ပြည်သူတွေအနေနဲ့ ၂၄နာရီ ပိတ်ချိန်မရှိ သွားလာချင်တယ်။ ဒါကြောင့် ပြောချင်တာက ၂၄နာရီ ဖွင့်ပေးပါ။ ည ၁၁နာရီနောက်ပိုင်း သွားလာတဲ့သူတွေကိုတော့ စစ်ဆေးပါ။ စစ်ဆေးပြီးရင် ပြန်ပြီး သွားလာခွင့် ပြုပေးစေချင်တယ်ဟု ဆိုသည်။

ဗလမင်းထင်တံတားပေါ်တွင် လုံခြုံရေးဂိတ်တစ်ခုသာထားရှိပြီး အခြားမလိုလားအပ်သော စုပေါင်းဂိတ်များကို ရုတ်သိမ်းပေးစေလိုကြောင်း Slg. Lagang Ze Jung က ဆက်လက် ပြောပါသည်။

 

Related Articles

Back to top button