လူငယ်သာသနာဖွဲ့ မှ ကချင် ကျေးလက် လူနာ ၅၀၀၀ ကျော်ကို ဆေးကုသပေး
ဝိုင်းမော်မြို့အခြေစိုက် အလင်းသစ်မီဒီယာသာသနာအဖွဲ့ လူငယ်များက ကချင်ပြည်နယ် သွားလာရေးခက်ခဲသော ကျေးလက်ဒေသများသို့ မိုးတွင်းကာလအတွင်း အခမဲ့ ဆေးဝါးကုသမှုများသွားရောက်ပြုခဲ့ရာ လူနာပေါင်း ၅၀၀၀ ကျော်ကို ဆေးကုသမှုများပြုလုပ်ခဲ့သည်။
ပြီးခဲ့သော ဇူလိုင်လအတွင်း ရက်ပေါင်း ၂၀ကျော်ခန့် Sadon (ဆဒုံး)၊ Kambaiti (ကန်ပိုင်တည်)တစ်လျှောက်၊ ဝိုင်းမော်မြို့ နယ်အတွင်းရှိ ကျေးရွာများ စုစုပေါင်းကျေးရွာ ၂၀ကျော်ခန့်၊ လူနာ ဦးရေ ၅၁၆၄ ယောက်ကို သွားရောက် ပံ့ပိုးကူညီ ကုသပေးခဲ့ကြောင်းကို A Lin Thit Media Mission Group (အလင်းသစ်မီဒီယာသာသနာအဖွဲ့ ) တာဝန်ခံ ဆရာ Z Kham Xin က ကချင်သတင်းဌာန KNG ကို ယခုလိုပြောပါသည်။
“ကျနော်တို့ အလင်းသစ်မီဒီယာ လူငယ်တွေအနေနဲ့ ကတော့ ကိုယ်တတ်စွမ်းသလောက် သွားရောက် ကူညီပေးတာပါ။ အဓိကတော့ ဘုရားရဲ့ကျေးဇူးတော်သက်သက်ပါ။ ပြည်သူတွေအနေနဲ့တကယ်ပဲ လိုအပ်နေတဲ့အချိန် မေတ္တာတရားကို ပြပေးတယ်။ ဆေးတစ်ထောင့်ဘဲ ဖြစ်စေ စသဖြင့်ပေါ့။ သူတို့ရဲ့အခက်အခဲတွေကို သွားရောက်မြင်တွေ့တော့ တကယ်လဲစိတ်မကောင်းဖြစ်မိတယ်” ဟု ဆရာက ဆိုသည်။
လက်ရှိသွားရောက်ကုသမှုများပြုလုပ်ခဲ့သော လူနာပေါင်း ငါးထောင်ကျော်မှာ စားဝတ်နေရေး အလွန်ခက်ခဲသော ပြည်သူများဖြစ်သည့်အပြင် ရာသီတုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါ ဝေဒနာများကိုလည်း ခံစားနေရခြင်းဖြစ်သည်ဟု ဆရာ Kham Xin က ဆက်လက်ပြောဆိုခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရ စည်ပင်ဝန်ကြီးကလည်း သူ၏ မဲဆန္ဒနယ် အတွင်းရှိ ပြည်သူများကို အလင်းသစ်မီဒီယာသာသနာအဖွဲ့ လူငယ်များနှင့်ပူးပေါင်းကာ စားနပ်ရိက္ခာများ၊ ဆေးဝါးကုသမှုများ သွားရောက်ကူညီခဲ့ကြောင်းကို သိရသည်။
အလင်းသစ်မီဒီယာသာသနာ လူငယ်များက နှစ်စဉ်မိုးတွင်းကာလအတွင်း ပြည်သူများ သွားလာရေးခက်ခဲသော နေရာဒေသသို့သွားရောက်ကာ ဆေးဝါးကုသမှုများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်မှာ ယခု ၆နှစ်မြောက်ရှိပြီ ဖြစ်ကြောင်းကိုလည်း သိရသည်။
အဆိုပါ အလင်းသစ်မီဒီယာသာသနာအဖွဲ့ ကို ၂၀၀၂ခုနှစ်ကစပြီး ကချင် Lhao Vo (လော်ဝေါ်)လူငယ်များ စုပေါင်းပါဝင်ကာ ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဓိကအားဖြင့် ဘာသာရေးကို အခြေခံကာ လူမျိုးဘာသာ၏ အကျိုးကိုဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။