ကချင် စစ်မျက်နှာ အများအပြားကို ထိုးစစ်ဆင်ဖို့ အာဏာသိမ်း စစ်တပ် အင်အားဖြည့်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်လက်အောက်မှာ လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ဆွေးနွေးဖို့ ပြောဆိုနေပေမယ့် ကချင်ဒေသတစ်ခုလုံမှာတော့ စစ်မျက်နှာ အများအပြားကို တစ်ပြိုင်နက် ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဧပြီလ ၂၀ ရက်နေ့မှာ မင်းအောင်လှိုင်က ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုလည်း လက်နက်ချအလင်းဝင်ရောက်လာဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာတော့ ငြိမ်းချမ်းရေးဆွေးမယ့် လုပ်ဆောင်ချက်မတွေ့ရသေးသလို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး တိုက်ပွဲဖော်ဆောင်ဖို့သာ ပြင်ဆင်နေတယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး ပြောဆိုနေတာတော့ တွေ့ရတယ်။ ဒါပေမယ့် ကချင်ဒေသမှာက လုပ်ငန်းဖော်ဆောင်လာတာက မမြင်ရ သေးဘူး။ ဒီအခြေအနေကို ကြည့်ရင် ကချင်ဒေသကို စစ်တပ်က ဆက်ပြီးချုပ်ကိုင်မယ်။ စစ်တပ်နဲ့ ဆက်သွားအုံးမယ်။ ချုံပြောရရင် တိုက်ပွဲတွေ ဆက်တိုက်အုံးမယ်ဆိုတဲ့ သဘောပါ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲကို စစ်တပ်က သံချပ်ကားအပါ စစ်အင်အား၊ စစ်လက်နက်၊ စစ်ရိက္ခာအပြည့်တင်ဆောင်တဲ့ စစ်ကား အစီး ၄၀၀ ကျော် မန္တလေးဘက်ကနေ မြစ်ကြီးနားကို ဦးတည်ပြီး ချီတက်လာခဲ့ပါတယ်။

မေလ ၁၂ ရက်နေ့မှာတော့ အဲဒီစစ်ယာဉ်တန်းထဲက စစ်ကား အစီး ၁၀၀ ကျော် မြစ်ကြီးနားမြို့ထဲကို ဝင်ရောက်လာခဲ့ပြီး စစ်တပ်ခန့် ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့အဝင်မှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။

မြစ်ကြီးနားအထိ စစ်အင်အား၊ စက်လက်နက်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေကို သယ်ယူနိုင်ဖို့ရန်အတွက် စစ်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကနေ ဧပြီလအထိ ကချင်စစ်ကိုင်းအစပ်ဒေသက ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့်၊ ကသာ၊ မော်လူးစတဲ့မြို့နေရာတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မြို့ ၅ ကို ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာပဲ ကချင်ပြည်နယ်ထဲကို စစ်အင်အားတွေ ပို့ဆောင်နိုင်တဲ့ အခြေအနေကိုကြည့်ရင် စစ်မျက်နှာက ကချင်ဒေသဘက်ကို စစ်ရေးပိုပြီးပြင်းထန်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

စစ်တပ်ကတော့ လက်လွတ်ထားတဲ့ နေရာတွေ အကုန်ယူဖို့ပဲ။ ခိုင်မာတဲ့ အစိုးရတစ်ခုဖြစ်ကြောင်း ပြည်သူတွေ ယုံကြည်မှု ရှိလာအောင် နဲ့ နိုင်ငံတကာကို ပြဖိုလိုနေတယ်။ ဒါကြောင့် ကချင်ပြည်နယ်တင်မကပဲ စစ်တပ်က လက်လွတ်ထားတဲ့ နေရာတွေ စစ်ရေးနဲ့ မရရအောင်တိုက်ယူမယ်ဆိုတဲ့သဘောတွေ့ရတယ်။ ဒါကို သူတို့ဘယ်လောက်ထိ မြန်အောင် လုပ်ဆောင်နိုင်မလဲ စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲ ပြင်းထန်နေတာကတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၊ ဖားကန့် နဲ့ ရွှေကူဒေသတွေမှာ ဖြစ်သလို ဆက်ပြီး ဆွမ်ပရာဘွမ်၊ ဝိုင်းမော် မြို့နယ်တွေကိုလည်း စစ်အင်အား ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ဖားကန့် ဒေသမှာ ဧပြီလဆန်းပိုင်း ကနေ မေလအထိ စစ်တပ်က အင်အား ၂၀၀ ဝန်းကျင် ဖြည့်တင်းထားပြီးတော့ လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှော် ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

မန္တလေးမြစ်ကြီးနားလမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း ကြေညာပြီး တပြိုင်နက် ရွှေကူ၊ မဘိမ်း၊ ငအိုးရွား စတဲ့နေရာဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ခန့်ကြာမြင့်လာပြီ ဖြစ်တယ်လို့ KIO ပြောပါတယ်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ရွှေကူနဲ့ ရှမ်းပြည်နယ်အစပ် မဘိမ်းဒေသတွေမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ စစ်တပ်က ဗန်းမော်ဘက်ကို စစ်ရေးဦးတည်လိုတာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ဆက်ပြောပါတယ်။

ကျနော်တို့သုံးသပ်တာက ဗန်းမော်ဘက်ကို စစ်ကြေင်းထိုးဖို့ဖြစ်မယ်။ မိုးတွင်းရောက်လာပြီဖြစ်တဲ့ စစ်သင်္ဘောတွေ တက်လာဖို့ ပြင်ဆင်လာတာဖြစ်မယ်။ ဒါကြောင့် အခု ကတည်းကနေ စစ်ကြောင်းထိုး ရှင်းလင်းဖို့ ဖြစ်မယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ရွှေကူကနေ ငါးအိုးရွာဘက်ကို စစ်ကြောင်းထိုးနေသလို ငါးရွာကနေ မဘိမ်းဖက်ကို စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်က ရွှေကူမြို့နယ်ထဲက KIA နဲ့ PDF ဂိတ်စခန်းနေရာတွေကို စစ်ကြောင်းထိုး တိုက်ခိုက်နေသလို ရွှေလီမြစ်ကြောင်း မိုးမိတ်မှာ စစ်အင်အားဖြည့်တင်းပြီး KIA သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့ကို ရရှိဖို့ စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့်၊ ကသာ၊ မော်လူး စတဲ့မြို့ ၅ မြို့ကို ဝင်ရောက်ထိန်းချုပ်လိုက်ပြီလို ကြေညာပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက အခုလို ပြောပါတယ်။

စစ်တပ်က မော်လူး၊ အင်းတော်တို့ကို သိမ်းလိုက်နိုင်တယ်ဆိုပေမယ့် အုပ်ချုပ်နိုင်သေးတာမှမဟုတ်တာ။ သိမ်းထားတာပဲ ရှိသေးတယ် အခုက တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပိတ်ဆို့နေတာလေ။ အဲ့ဒါကြောင့် တိုက်ပွဲတွေလည်းရှိနေသေးတယ်။ အခုလို အင်းတော်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်လို့ပြောပါတယ်။

စစ်တပ်က ထိန်းချုပ်လိုက်ပြီလို ပြောဆိုနေတဲ့ အင်းတော်မြို့ တောင်ဘက်ခြမ်း ၂ မိုင်ခန့်အကွာ နတ်မဟုတ်ကြီး၊ နတ်မဟုတ်ကလေး၊ တည်ပင်၊ သီပေါ၊ ပေပင် စတဲ့နေရာတွေမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ရှိ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ့်စတဲ့ စစ်မျက်နှာတွေအတွက်လည်း စစ်တပ်ရဲ့ ပြင်ဆင်မှုတွေ သတိထားမိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မေလ ၁၉ ရက်နေ့မှာ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲကို စစ်ကြောင်းထိုးနိုင် ဖို့ မြစ်ကြီးနား ကနေ စစ်ကား အစီး ၃၀ နဲ့ မိုင်းနားကျေးရွာအနီး အင်အားဖြည့်ထားတယ်လို့လည်း မိုင်းနားကျေးရွာမှာ နေထိုင်သူတွေက ပြောပါတယ်။

နောက်ထပ် KIA သိမ်းပိုက်ရာ မြို့တစ်ခုဖြစ်တဲ့ ဆွမ်ပရာဘွမ့် မြို့ဘက်ကိုလည်း စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနိုင်ဖို့ စစ်တပ်က မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာအနီးမှာ စစ်အင်အားစုစည်းနေတယ်လို့လည်းသိရပါတယ်။

ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဆဒုံးကံပိုက်တည်အပြင် ပန်ဝါ၊ ချီဖွေ၊ ဆော့လော် ဒေသကိုပြန်သိမ်းနိုင်ဖို့ လမြန်ဝါရှောင်ဘက်ကိုလည်း စစ်မျက်နှာဖွင့်စစ်ရေးလှုပ်ရှားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

မိုးကောင်း၊ မိုးညှင်းမှာလည်း စစ်တပ်က အင်အား ၅၀၀ ထက်မနည်း စုထားပြီး ဖားကန့်ဘက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့မြို့နေရာတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့မြို့နယ်တွေလည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မတ်လကုန်ပိုင်း တကောင်းမြို့ကိုသိမ်းလိုက်ပြီးနောက် ထီးချိုင့်၊ ကသာ၊ အင်းတော်မြို့၊ မော်လူး မြို့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button