သတင်း

တပ်ချုပ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင်တို့ တွေ့ဆုံမှု ဘာထူးခြားလဲ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ Rev.Dr. Hkalam Samson အား ဥပဒေအရ အရေးယူရန် ပြင်ဆင်မှုကို ရုပ်သိမ်းလိုက်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် KBC ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။

အမှုရုပ်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုအရ မန္တလေး နန်းတွင်း ရန်ကြီးအောင်ခန်းမတွင် စက်တင်ဘာ ၁၂ နေ့ တွေ့ဆုံခဲ့ကြသည်ဟု သိရပါသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံစဉ် တပ်မတော်ကို အရေးယူပိတ်ဆို့ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာပြည်မှာ တပ်မတော်က ခရစ်ယာန်ဘာသာဝင်တွေကို ညှဉ်းပန်းနှိပ်စက်နေကြောင်း Rev.Dr. Hkalam Samson က တင်ပြခဲ့ပါသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဆရာဆမ်ဆွန်ကို ဥပဒေအရ အရေးယူပေးဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုဗိုလ်မှူးကြီးသန်းထိုက်က သြဂုတ်လ ၂၆ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ခဲ့သော်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။

“အမှုရုပ်သိမ်းပေးတဲ့အတွက် ဝမ်းသာတဲ့အကြောင်း၊ ကျနော်ပြောခဲ့တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ်မှာ စိတ်အနှောက်အယှက်ဖြစ်ခဲ့တယ်ဆိုရင်လည်း စိတ်မကောင်းကြောင်း အပြုသဘောနဲ့ ပြောခဲ့တာလို့။ ဒါကြောင့်လည်း မြန်မာပြည်ကို ပြန်လာပြီး အမှန်တရားရင်ဆိုင်ဖို့ လာခဲ့တဲ့အကြောင်းတွေပေါ့။” ဟု သိက္ခာတော်ရဆရာ Rev.Dr. Hkalam Samson ပြောပါသည်။

တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က ‘တရားစွဲဆိုမှုကို ရုပ်သိမ်းပေးကြောင်း၊ ငြိမ်းချမ်းရေးအမြန်ရအောင် အတူကြိုးပမ်းဖို့ ၊ ဘာသာရေးဖိနှိပ်မှု မရှိကြောင်း ၊ စစ်ရှောင်နေရပ်ပြန်ရေး အမြန်ဖော်ဆောင်ဖို့ ၊ ပြည်ထောင်စု မပြိုကွဲရေး၊ သူဟာ တစ်ဖက်စောင်းလူမျိုးမဟုတ်ကြောင်း ၊ တပ်မတော်မူ ၆ ချက်ကို ညှိနှိုင်းလို့ရကြောင်းနှင့် နောက်တစ်ကြိမ်ပြန်လည် တွေ့ဆုံဖို့ မျှော်လင့်ကြောင်း’ ပြောခဲ့သည်ဟု KBC KACHIN လူမှုစာမျက်နာတွင် ထုတ်ပြန်ထားပါသည်။

KBC ဥက္ကဌ ဘက်ကတော့ ‘အမှုရုပ်သိမ်းပေးလို့ဝမ်းသာကြောင်း ၊ ပြည်တွင်းပြည်ပအဖွဲ့တွေကလည်း အသိအမှတ်ပြုကြောင်း၊ အခုလုပ်ရပ်ဟာ တပ်မတ်ာရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း၊ နှစ်ဖက်အပစ်ရပ်သဘောတူလက်မှတ်ထိုးပြီးမှ စစ်ရှောင်နေရပ်ပြန်ပို့သင့်ကြောင်း နှင့် နမ့်ခမ်းရှိ ဆရာကြီး Dr.Ola Hanson နေအိမ်ကိုလည်း ပြန်ရလိုကြောင်း’ ပြောဆိုခဲ့သည်ဟု ဖော်ပြထားပါသည်။

“ဗိုလ်ချုပ်မှူးကြီးကပြောပါတယ် ရှေ့တန်းတွေမှာ ဖြစ်ခဲ့တဲ့ဟာတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် တမင်သက်သက် လုပ်တာမျိုးဆိုရင်တော့ သူအရေးယူဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်” ဟု ဆရာဆမ်ဆွန်က ထပ်မံ ပြောပြပါသည်။

ဘာသာရေးဖိနှိပ် ချုပ်ချယ်မှုပြုရာတွင် ဥပမာအဖြစ် တော်လှန်ရေးကောင်စီလက်ထက် အတင်းသိမ်းယူခံခဲ့ရသော ကချင်စာပေတီထွင်ခဲ့သည့် နမ့်ခမ်းရှိ ဆရာကြီး Dr.Ola Hanson နေအိမ်အကြောင်းပြောပြခဲ့ပြီး အဆိုပါ နေအိမ်ကို ပြန်ရလျှင် ကချင်ခရစ်ယာန်ဘာသာ ယုံကြည်သူများအနေဖြင့် တပ်မတော်ကို ကျေးဇူးတင်မည့်အကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရာတွင် KBC ဘက်မှ ဥက္ကဋ္ဌ ဆရာဆမ်ဆွန် ၊ အတွင်းရေးမှူး ဆရာတူးမိုင်၊ ဖွံ့ဖြိုးရေးတာဝန်ခံ ဆရာခါးလီ နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့တို့ပါဝင်ခဲ့ပါသည်။

ယခုလို အမှုကျေအေးမှုသည် တပ်မတော်အပေါ် နိုင်ငံတကာ ဖိအားကြောင့် ဖြစ်လာတာလို့ ရှု့မြင်ကြောင်း နှင့် စစ်မှန်သော ဒီမိုကရေစီစနစ်အတိုင်း တပ်မတော်သည် နိုင်ငံတော် သမ္မတအုပ်ချုပ်ရေးစနစ်အောက်တွင် ရှိရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒုဥက္ကဌ ဦးကွမ်ကရောင်အောင်ခမ်း ပြောဆိုသွားပါသည်။

၂၀၁၁ ခုနှစ်မှ ပြန်လည် စတင်ခဲ့သည့် ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲများကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်း ၆၆ ဖျက်ဆီးခံရကြောင်း KBC က ထုတ်ပြန်ထားပါသည်။

KBC နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တွင် အသင်းတော်ပေါင်း ၃၁၀ ရှိပြီး အသင်းသားပေါင်း ၃သိန်း ၈ သောင်း ၆ ထောင် ကျော်ရှိသည်ဟု သိရပါသည်။

Show More

Related Articles

Back to top button