သတင်းသတင်းဆောင်းပါး

ဈေးကွက်ပျောက်နေဆဲ စစ်ရှောင်စခန်းက ထုတ်ကုန်များ

ကချင်ပြည်နယ် စစ်ရှောင်စခန်းများရှိ အမျိုးသမီးများအတွက် ၀င်ငွေရရှိရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နေသော်လည်း အခက်အခဲများ ရှိနေသည်ဟု သိရသည်။

စစ်ရှောင်စခန်းများအတွင်းမှာပင် အမျိုးသမီးများအနေဖြင့် တနိုင်တပိုင် စက်ချုပ်ခြင်း၊ အိမ်တွင်းသုံး ဆပ်ပြာရည်ပြုလုပ်ခြင်း၊ ပိုက်ခြင်းယက်ခြင်း၊ လက်ယက္ကန်းယက်ခြင်း ၀က်မွေးမြူခြင်း စသည့် လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရရန် လုပ်ကိုင်နေကြသည်။

ထိုသို့ လုပ်ကိုင်ရာတွင် ကုန်ကြမ်းမှာယူရသည့် အခက်အခဲများ အပြင် ထုတ်ကုန်များကို ဈေးကွက်ထိ တင်ပို့ ရောင်းချနိုင်ရန် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှ မသန်စွမ်းသူများ စုပေါင်း ထုတ်လုပ်သော ပန်းတိုင်ဆပ်ပြာရည် ထုတ်လုပ်သူများထဲတွင် ပါဝင်သူ ဒေါ်ခေါန်နန်က “ဒီဆပ်ပြာကို ကျမတို့ မသန်စွမ်းတဲ့ အမျိုးသမီး ၃ ယောက်၊ ယောက်ျား ၃ယောက်နဲ့ အတူပေါင်းလုပ်တယ်။ ကျမတို့ မသန်စွမ်းတွေမှာ နာတာရှည်၊ အသက်ကြီးတဲ့သူတွေရော ရှိတယ်။ ကုန်ကြမ်းမှာတာက ရန်ကုန်ဘက်ကို မှာရတာဆိုတော့ ခက်ခဲမှုတွေ ရှိတယ်” ဟု ပြောသည်။

အဆိုပါ ဆပ်ပြာရည်ထုတ်လုပ်နိုင်ရန် ၂၀၁၉ ဇွန်လအတွင်းက KBC အသင်းတော် မသန်စွမ်း စောင့်ရှောက်ရေး အဖွဲ့အစည်းများမှ သင်တန်းပေးခဲ့ပြီး ယခု ၄ လ အတွင်း ဖောက်သည်ချရောင်းချနိုင်ပြီ ဟု သိရသည်။

စစ်ရှောင်စခန်းများတွင် နေထိုင်သော အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်နိုင်ရန်အတွက် KBC ကဲ့သို့သော ဘာသာရေး အဖွဲ့အစည်းများအပါအ၀င် ဂရုဏာ လူမှု စည်းလုံး ညီညွတ်ရေးအသင်း KMSS ကဲ့သို့သော ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက သင်တန်းများပေးကာ စီမံချက်ချ လုပ်ဆောင်ကူညီပေးလျက်ရှိသည်။

KBC လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာနမှ တွဲဖက်တာဝန်ခံ ဒေါ်ထုဆမ်ကတော့ “အခက်အခဲက သင်တန်းပြီးသွားတဲ့အခါမှာ လိုအပ်တာတွေထောက်ပံ့မှု မပေးနိုင်ဘူး။ သူတို့ကိုယ်တိုင် လုပ်နိုင်အောင် အထောက်ပံ့ မပေးနိုင်ဘူး။ ပြီးတော့ ဈေးကွက်အတွင်းမှာ ပို့နိုင်အောင် လုပ်ဆောင်ပေးဖို့ တော်တော်လေး ခက်ခဲနေသေးတယ်” ဟု ပြောသည်။

မသန်စွမ်းသည့် စစ်ရှောင်အမျိုးသမီးများအနေဖြင့်လည်း ထုတ်လုပ်သည့် အိမ်တွင်းဆပ်ပြာရည်များကို ဈေးကွက်အတွင်း မတင်ပို့နိုင်သေးသောကြောင့် နီးစပ်ရာ ရပ်ကွက်များသို့ ပလိုင်းများဖြင့်သယ်ကာ လှည့်လည်ရောင်းချနေကြရသည်။

ပ.လ.န တြီနတီ စစ်ရှောင်စခန်းတွင်တော့ အမျိုးသမီးများအနေဖြင့် လက်ယက္ကန်းအသေးစာဖြင့် ကချင်ရိုးရာ ခါးစည်း ယက်သည့် လုပ်ငန်းကို လုပ်ကိုင်ကာ ၀င်ငွေရှာကြသည်။

လက်ယက်ကန်းအသေးဖြင့် ခါးစည်းတစ်ခုပြီးစီးရန် အချိန်တစ်ပတ်ပေးရပြီး အဆိုပါ ခါးစည်းများကို ၀ယ်ယူမည့်သူ မရှိသည့်အတွက် စခန်းတွင်းတွင်သာ ပြန်လည် ရောင်းချနေကြရသည်ဟု အသက် ၅၀ အရွယ် မရစ်ရွယ်ဆမ်က ဆိုသည်။

အလုပ်အကိုင် ရှားပါးသော စစ်ရှောင်စခန်းများတွင် အဆိုပါ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှ ရသော အမျိုးသမီးများ၏ ၀င်ငွေသည် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေသည်။
ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းအတွင်း၌ ပိုက်ခြင်းယက်သည့် အလုပ်လုပ်နေသော အသက် ၄၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအတွက်မူ ခြင်းယက်ပြီး ရောင်းရသည့် ဝင်ငွေမှာ မိသားစု ၅ ယောက်အတွက် ပြေလည်နေသည်ဟု ဆိုသည်။

ပိုက်ခြင်းယက်သည့် လုပ်ငန်းဆိုလျှင် ခြင်းတစ်လုံးကို ကျပ်နှစ်ထောင်ဖြင့် ရောင်းချပြီး ခြင်းယက်သည့် အမျိုးသမီးတစ်ဦး၏ တစ်လ ၀င်ငွေမှာ အမြတ်ချည်း ကျပ် ၁ သိန်းကျော် ရှိသည်။

ထို့ကြောင့် နေရပ်ပြန်ဖို့ရန်ထက် လက်ရှိခိုလုံနေသည့် စစ်ရှောင်စခန်း၌သာ အခြေချပြီးနေထိုင်သွားချင်သူ အမျိုးသမီးအချို့လည်း ရှိနေသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်က တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ စစ်ရှောင်စခန်း ၁၃၀ ကျော်တွင် ခိုလှုံနေသူ တစ်သိန်းနီးပါး ရှိနေပြီး ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်သည်ဟုကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးရာ ညှိနှိုင်းရေးမှူးရုံးUNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ရှောင်စခန်းများထဲမှ ၅၀ ကျော်ကို ကူညီပေးနေသည့် KBC အဖွဲ့အနေဖြင့်တော့ စစ်ရှောင်စခန်းမှ အမျိုးသမီးများ ထုတ်လုပ်သော ထုတ်ကုန်များ တစ်နိုင်ငံလုံး ဈေးကွက်သို့ ရောက်ရှိရန် သုတေသနပြုလုပ်နေပြီး နောက်ပိုင်းတွင် ချိတ်ဆက်ရောင်းချမှုများ လုပ်နိုင်ရန် လုပ်ဆောင်နေသည်ဟု ဒေါ်ထုဆမ်က ပြောသည်။

Show More

Related Articles

Back to top button