သတင်း

ရွှေ့ပြောင်းအလုပ်လုပ်နေသူများ မဲထည့်နိုင်ရန်ရက် ၉၀ သတ်မှတ်မှု KSPP ကန့်ကွက်

ရွေ့ပြောင်းနေထိုင်သူများ နေရာတစ်ခုတွင် ရက်၉၀ အခြေချနေထိုင်ပြီးပါက မဲထည့်ခွင့်ရမည်ဟူသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်မည့်အကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ်ပြင်ဆင်သည့်ဥပဒေကို အောက်တိုဘာ၃ရက်စွဲဖြင့် အမျိုးသားလွတ်တော်နှင့် ပြည်သူ့လွတ်တော်တို့ကို ယခုပတ်တွင် ပို့လိုက်ကြောင်းသိရသည်။

‛‛ရွေ့ပြောင်းအလုပ်သမားတွေကို မဲထည့်ခွင့်ပေးတာမှားတယ်။ သူတို့အိမ်ထောင်စုရှိတဲ့နေရာမှာဘဲ ထည့်ခိုင်းသင့်တယ်။ မှတ်ပုံတင်ရှိယုံနဲ့မရသင့်ဘူး’’ ဟု Kachin State People’s Party KSPP ယာယီဥက္ကဌ ဒေါက်တာမနမ်တူးဂျာ ပြောပါသည်။

မြန်မာပြည်တွင် ရွေ့ပြောင်းအလုပ်သမားအများဆုံးရောက်ရှိသောပြည်နယ်မှာ ကချင်ပြည်နယ်ဖြစ်ပြီး ဖားကန့် တနိုင်းနှင့် တရုတ်သစ်သျှူးငှက်ပျောစိုက်ခင်းများတွင် အများဆုံးဖြစ်သည်။

ခြောက်လ(ရက်ပေါင်း၁၈၀) မှ၃လ(ရက်ပေါင်း၉၀) သို့သတ်မှတ်လိုက်မှုကြောင့် ဒေသအခြေစိုက် နိုင်ငံရေးပါတီများအတွက် အကျိုးမရှိနိုင်သဖြင့် ကန့်ကွက်သွားမည်ဟု လွတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောသည်။

“ကျနောတို့ ကချင်ပြည်နယ်မှာ သယံဇာတလာရောက်တူးဖော်နေသည့် အောက်မြန်မာပြည်က ရွေ့ပြောင်းအလုပ်သမား အရမ်းများတယ်။ ဒါကြောင့် အခုပြင်ဆင်ချက်ကိုလည်းအရင် ရက်ပေါင်း၁၈၀ကို ပြန်ပြောင်းဖို့ ကန့်ကွက်မှာပါ” ဟု ကချင်ပြည်နယ် အင်ဂျန်းယန်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ပြောသည်။

ထို့အပြင်ကချင်ပြည်နယ်တွင်းရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်နေရာချထားရေး ပြည်နယ်အစိုးရပြင်ဆင်မှုကိုKSPP က ကန့်ကွက်ထားကြောင်းသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်တွင် တပ်မတော်မဲရုံကို တပ်ပြင်ပတွင် ထားရှိရန်အချက်လည်း ပါရှိကြောင်း သိရပါသည်။

Show More

Related Articles

Back to top button