သတင်း

သစ်သျှူးငှက်ပျောခြံသုံး ပိုးသတ်ဆေးကြောင့် ချောင်းရေအတွင်း ငါးများ စုပြုံသေဆုံးနေ

ဝိုင်းမော်မြို့နယ် ဖုန်တန်ယန်အုပ်စု ဝါရာယန်ကျေးရွာအတွင်း သစ်သျှူးငှက်ပျောခြံသုံး ဓာတုပိုးသတ်ဆေးကြောင့် ချောင်းရေအတွင်း ငါးများ အစုအပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပါသည်။

နိုဝင်ဘာလ ၁၆ရက်နေ့တွင် ဝါရာဝန်ကျေးရွာအနီး ငှက်ပျောခြံ ကုမ္မဏီလုပ်သားများက ဒေသခံများ သောက်သုံးနေသည့် ‘အင်ဂမ့်ခ’ (N Gam Hka) ချောင်းအတွင်း ပိုးသတ်ဆေးသုံးကာ ငါးဖမ်းခဲ့သဖြင့် ယနေ့ ၄ရက်ခန့်အကြာအထိ ငါးများအဆက်မပြတ် သေဆုံးနေသည်ဟု မျက်မြင် ဒေသခံ ဦး Ndau Tu Lum ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ဒေသခံတွေက ဒီလိုလုပ်ရပ်တွေ လုပ်မှာမဟုတ်ဘူး။ ကျနော်တို့သွားကြည့်တော့ ချောင်းအနီးတဝိုက် အသုံးပြုထားတဲ့ ဆေးဗူးတွေ တွေ့ရတယ်။ ငါးတွေလည်း အကြီးအသေး အစုလိုက်အပြုံလိုက် အားလုံးသေကြတယ်။ ဒီချောင်းကို သောက်သုံတယ်။ နောက် ကျွဲ၊ နွား တိရိစ္ဆာန်တွေလည်း ဒီရေဘဲ သောက်ကြတယ်။ အဲ့ကြောင့်အခုဆိုရင် တစ်ရွာလုံးစိုးရိမ်နေကြပြီ။”ဟု ပြောဆိုသည်။

လက်ရှိ ဝါရာယန်ကျေးရွာအနီးတစ်ဝိုက်တွင် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးမြေ ဧက ၃၀၀၀ ကျော်ရှိနေကြောင်း သိရပါသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၂၈ရက်နေ့တွင်လည်း ယခုလို ချောင်းအတွင်း ငါး အများအပြားသေဆုံးခဲ့ပြီး ကျွဲ၊ နွားအချို့လည်း ၎င်းချောင်းရေသောက်မိသဖြင့် သေဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထပ်မံပြောဆိုသည်။

 

ချောင်းဘေးတွေ့ရသည့် ပိုးသတ်ဆေးဘူး

ဝါရာယန်ကျေးရွာ အိမ်ခြေ ၄၀ကျော်က အဆိုပါ ချောင်ကို သောက်သုံးရေအဖြစ် အသုံးပြုနေသဖြင့် ယခုအဖြစ်အပျက်ကိုလည်း သက်ဆိုင်ရာမှ အမြန် လာရောက်စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဒေသခံ ဦး Maran La Nu ယခုလို ပြောဆိုထားသည်။

“အခုဆိုရင် ချောင်းအတွင်းရှိသမျှ အကောင်က အစ သေသွားတာကိုမြင်တွေ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူတွေရဲ့အသက်အန္တရာယ် တော်တော်စိုးရိမ်နေရပြီ။ ဒီဆေးက စိုက်ပျိုးရေးလုပ်တဲ့သူတွေမှာဘဲ ရှိတယ်။ နောက်ပြီး
ယခုလိုဖြစ်ရပ်တွေက ဒေသခံတွေအတွက်လည်း တော်တော်စိုးရိမ်းနေရတယ်။ ဒါကြောင့်သက်ဆိုင်ရာ တာဝန်ရှိသူ များ အနေနဲ့ လာရောက်စစ်ဆေး ဖြေရှင်ပေးရန်လိုအပ်နေပြီ” ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း စိုက်ပျိုးရေးသမား များသာ အသုံးပြုသည့် ဓာတု ပိုးသတ်ဆေးဗူးတွေ့ရကြောင်းနှင့် ကျူးလွန်သူကို မသိရကြောင်း ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ တော်တော်စုံစမ်းခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူဆိုတာတော့ မသိရဘူး။ ကျနော်တို့ဘက်မှာက စိုက်ပျိုးရေးသမားတွေ အမျိုးမျိုးရှိကြတယ်။ ဒါမျိုးပိုးသတ်ဆေးသုံးတဲ့ သူတွေက စိုက်ပျိုးရေးသမားတွေဘဲ သုံးတာဖြစ်တယ်။
ဒီတစ်ခုကိုပဲ အတည်ပြောယူလို့က မရဘူး။ ဘာကြောင့်လဲဆိုတော့ အခုခေတ်က ဈေးဆိုင်တွေမှာလည်း ရနိုင်တယ်။ အဲ့ကြောင့် ဘယ်သူမဆိုဖြစ်နိုင်တယ်” ဟု ဝါရာယန်အုပ်ချုပ်ရေးမှူး ဦး Mashang Htang Ying က ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ယခု ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ စိုက်ပျိုးရေးကုမ္ပဏီကို ဆက်သွယ်မှု မရရှိသေးပါ။

သစ်သျှူးငှက်ပျောစိုက်ခင်းကြောင့် ချောင်းရေအတွင်း ငါးအစုလိုက်အပြုံလိုက်သေဆုံမှုသည် ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ ဝိုင်းမော် အောင်မြေ ၂ ကျေးရွာတွင်လည်း ဖြစ်ပွားခဲ့ပါသည်။

Show More

Related Articles

Back to top button