သတင်း

ကျောက်မျက်အရောင်းပြပွဲ တတိယအကြိမ်ကို ဖေဖော်ဝါရီတွင်ပြုလုပ်မည်

ကချင်ပြည်နယ်၏ ကျောက်မျက်ရတနာ အရောင်းပြပွဲ တတိယအကြိမ်ကို လာမည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပတော့မည်ဟု ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လွန်ခဲ့သည့် ဒုတိယအကြိမ်အထိ ကျောက်မျက်အရောင်းပြပွဲကို ကျောက်မျက်လုပ်ငန်းရှင်များအသင်းကိုယ်တိုင် ဦးဆောင်ခဲ့သော်လည်း တတိယအကြိမ်တွင်မူ အစိုးရဖွဲ့စည်းပေးသည့် ကော်မတီတစ်ခုက ဦးဆောင်သွားမည်ဟု သိရပါသည်။

“ပွဲဖြစ်မြောက်ရေး ကော်မတီကတော့ ပြည်နယ်အစိုးရကနေ ဖွဲ့စည်းပေးထားတာဖြစ်တယ်။ မြစ်ကြီးနား ကျောက်စိမ်းရုံးတာဝန်ခံက အဖွဲ့ခေါင်းဆောင်၊ ပြီးတော့ ကျောက်မျက်အသင်းက ကျနော်၊ ထွေအုပ်မှ ဒုတိယညွှန်ကြားရေးမှူး၊ လဝက ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်က မန်နေဂျာ၊ ပြည်တွင်းအခွန်မှ ဒုတိယညွှန်ကြားရေးမှူး၊ အကောက်ခွန်ဌာနက ညွှန်ကြားရေးမှူး၊ ကော်မတီ ၈ ဦးပါဝင်တဲ့ ကျနော်တို့ကော်မတီကနေ အစည်းဝေးလုပ်တယ်။ အစည်းဝေးလုပ်တဲ့ချိန်ကျတော့ ဒီဇင်ဘာလမှာ လုပ်မယ်ဆိုရင် အချိန်ကအရမ်းနီးကပ်နေပြီဖြစ်တယ်။ ပြီးတော့ ဖားကန့်ကနေမြစ်ကြီးနားကို ကျောက်စိမ်းတွေ သယ်ယူပို့ဆောင်မယ့်အပိုင်းတွေမှာ အချိန်မလောက်တော့ဘူး။” ဟု လက်ရှိ ကချင်ကျောက်မျက်အသင်း ဥက္ကဌ ဦးရစ်နန်ဇေလွမ်းက ဆိုသည်။

ယခု တတိယအကြိမ်ကျောက်မျက်ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၂၀၀၀ကျော် ပြသရောင်းချနိုင်အောင် စီစဉ်နေကြောင်း ဦးဇေလွမ်းက ဆက်လက်ပြောဆိုသည်။

ကျောက်မျက်ပြပွဲတွင် ရောင်းမည့်ကျောက်များကို A,B,C,D အဆင့် ၄ဆင့်သတ်မှတ်ထားပြီး ကချင်ပြည်နယ်တွင်ပြုလုပ်ခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ပြပွဲများတွင် C,D အဆင့်ကို ပြသခွင့်ရှိခဲ့သည်။ ထို့အပြင် ကျောက်အတွဲပေါင်း ၃၀၀ ဝန်းကျင်သာ ပြသနိုင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းထံမှ သိရသည်။

ကချင်ပြည်နယ်ကျောက်မျက် စျေးကွက်ဖြစ်ပေါ်လာစေရန်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သော ယင်းကျောက်မျက်အရောင်း ပြပွဲတွင် မြန်မာကျပ်ငွေဖြင့်သာ ရောင်းချခဲ့သည်။

နိုင်ငံခြားသားများကို ကြည့်ရှု့ခွင့်ပေးခဲ့သော်လည်း ဝယ်ယူခွင့်မပြုခဲ့ကြောင်း သိရပါသည်။

“ ကျနော်တို့ အဓိက နိုင်ငံခြားငွေနဲ့ရောင်းဖို့ဆိုရင် ကန်ပိုက်တီလမ်းက ထွက်ဖို့အတွက် ဖြစ်ကိုဖြစ်သင့်တယ်။ ဒါမှသာ နိုင်ငံတော်အတွက်လည်းကောင်းမယ် လုပ်ငန်းရှင်တွေအတွက်လည်းကောင်းမယ်။ တတိယအကြိမ်တော့ မြန်မာကျပ်ငွေနဲ့ ရောင်းဖို့ ဆုံးဖြတ်ထားပြီ။ ဒါပေမယ့် စတုတ္ထအကြိမ်ကျရင်တော့ နိုင်ငံခြားငွေနဲ့ ရောင်းနိုင်အောင် စီစဉ်ထားတွေရှိပါတယ်။” ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌက ဆိုသည်။

ကချင်ပြည်နယ်တွင် ကျင်းပသည့် ကျောက်မျက်အရောင်းပြပွဲ ပထမအကြိမ်တွင် မြန်မာကျပ်ငွေ ကျပ်သိန်းပေါင်း ၁သောင်းကျော် ရောင်းရပြီး ဒုတိယအကြိမ်တွင် မြန်မာကျပ်ငွေသိန်းပေါင်း ၆သောင်းကျော် ရရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းထံမှ သိရသည်။

Show More

Related Articles

Back to top button