သတင်း

နန့်ဝါသစ်တောကြိုးဝိုင်းကို ယခုလအတွင်း မြေပြင်တိုင်းတာမှုပြုလုပ်ပေးမည်ဟုဆို

ဝိုင်းမော်မြို့နယ် နမ့်ဝါသစ်တောကြိုးဝိုင်း ဒေသခံများကို ပေးအပ်ထားသည့်မြေဧက ၃၀၀ အတွက် ယခုလအတွင်း မြေပြင်တိုင်းတာမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

“ဒေသခံများအကြား လက်ငုပ်လက်ရင်းနှင့် လက်ငုပ်လက်ရင်းမရှိတဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ဖြစ်လာတယ်။ ကျနော်တို့ကတော့ ဒီတစ်သျှူးငှက်ပျောတွေကို အမြန်ခုတ်ထွင်ရှင်းလင်းပြီးတော့ (CF) အမြန်ဆုံးလုပ်စေချင်တယ်။ ဒါပေမယ့် ဒေသခံတွေကြား သဘောထားကွဲလွှဲနေတာတွေရှိတဲ့အတွက် အရမ်းကြာသွားတယ်။ ခုထိတော့ မလျှောက်နိုင်တာ နောက်ဆုံး ဘယ်လိုဖြေရှင်းပေးလိုက်လဲဆိုရင် ဒီခုစာရင်းဝင်ထားတဲ့ ၁၃၆ ဦးအပြင်နောက်ထပ် နောက်တိုးမထည့်နဲ့တော့ အရမ်းကြာသွားရင် ဘာအပင်ဘဲဖြစ်ဖြစ် အပင်ပြန်ပေါက်လာမယ်။ ခုနောက်ဆုံးတော့ ၁၃၆ ယောက် နဲ့ပဲ ခရိုင်မှာ လျှောက်ထားပေးထားပြီ။” ဆိုပြီး မြို့နယ်သစ်တောဦးစီးမှူး ဆွတ်ရိန်ဆိုင်းလာက ပြောသည်။

လက်ရှိတွင် အဆိုပါတောင်သူ ၁၃၆ ဦးဖြင့် ခရိုင်သစ်တောဦးစီးထံ လျှောက်ထားပေးပြီဖြစ်ပြီး ယခုလအတွင်း မြေပြင်တိုင်းတာမူများ စတင်ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“လက်ငုပ်လက်ရင်းနဲ့ လက်ငုပ်လက်ရင်းမရှိအဖွဲ့ဆိုပြီး ကွဲနေတဲ့အတွက် ကျနော်တို့မြေယာစီစစ်ရေးအဖွဲ့ကနေ တစ်ချက်လွှတ် အမိန့်ပုံစံနဲ့လုပ်လိုက်ရတာ်ပေါ့။ ၁၃၆ ဦးထဲမှာ ၇ဦးကိုတော့ ကျန်တဲ့သူတွေထက်မြေဧက အနည်းငယ်ပိုပေးဖို့ ဆုံးဖြတ်ထားကြတယ်။ ဥပမာ ကျနော်တို့က ၂ဧက ရတယ်ဆိုရင် သူတို့ကိုကျတော့ ၂ဧကခွဲလောက်ပေါ့။ ဒါကိုအားလုံးက သဘောတူတဲ့တွက် ဒီသဘောထားကွဲလွှဲတဲ့အပိုင်းတော့ အဆင်ပြေသွားပြီ။ အဆင်ပြေပြီးတဲ့နောက်ပိုင်း စာတင်ထားတာ ၂လလောက်တော့ရှိပြီ” ဟု လမြန်ကချင်နှစ်ခြင်းအသင်းတော်မှအမှုတော်ဆောင် ဆရာတန်ဂွန်း ဆိုပါသည်။

မြေဧက လျှောက်ထားသူများသည် စုစုပေါင်း ၁၃၆ ဦးရှိပြီး ထပ်တိုးလက်မခံတော့ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ယနေ့ လက်ရှိမြေယာစီစစ်ရေးကော်မတီအား ခရိုင်သစ်တောဦးစီးဌာနမှ ဆင့်ခေါ်ထားကြောင်းသိရသည်။

Show More

Related Articles

Back to top button