သတင်း

ဖားကန့်တွင် မြေစာပုံပြိုကျ ရေမဆေးသမား ၁ ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးရှိ ရတနာစန်းရွှင် (ခေါ်) ကျောက်စိမ်း သစ်ရွက်လုပ်ကွက်အနီးရှိ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ညနေ ၃ နာရီခွဲအချိန်၌ ရေမဆေးသမား ၁ ဦး မြေစာပိသေဆုံးခဲ့ကြောင်း သိရပါသည်။

ယင်းမြေစာပုံသည် အမြင့်ပေ (၃၀၀) ခန့်ရှိပြီး မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာပိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်အုပ်ချုပ်ရေးမှူး ဦး ဉာဏ်လင်းအောင် ထံမှ သိရပါသည်။

သေဆုံးသူသည် မြေပြိုကျခဲ့သည့် နေရာအနီးရှိ ကောင်ဆန်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အသက် (၅၄) နှစ်အရွယ် ဦးလှထွန်းဖြူ ဆိုသူဖြစ်ကြောင်း သိရသည်။

မြေစာပိသေဆုံးသူ ဦးလှထွန်းဖြူ၏ ရုပ်အလောင်းကို အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းရှာဖွေခဲ့ရာ ညနေ ၄း၄၀ခန့်တွင် တွေ့ရှိခဲ့ပြီး လက်ရှိ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မြေစာပုံများစွာရှိပြီး ယခုကဲ့သို့မြေစာပုံပြိုကျမှုကြောင့် အသက်သေဆုံးခဲ့သည့် သူအများအ ပြားရှိနေပါသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း မြေပြိုမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့ကြောင်း သိရပါသည်။

 

Show More

Related Articles

Back to top button