သတင်း

ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းဖျက်ဆီးရေး စတင်ပြုလုပ်

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ဒေသခံများနှင့် လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ PJS တို့ပူးပေါင်းပြီး ဘိန်းစိုက်ခင်းဖျက်ဆီးရေး လုပ်ငန်းများကို ယခုနှစ်ဆန်းပိုင်းမှ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ ဝါရာဇွပ်ကျေးရွာ အရှေ့အနောက်ဘက်ခြမ်းရှိ မနချောင်း ၊ မိုးကောင်းချောင်း ၊ နန်းဖြတ်ချောင်းများနှင့် ရှထူးဇွပ်ကျေးရွာ မြောက်ဘက်ပိုင်းဒေသများရှိ ဘိန်းခင်း (၂၃) ဧကခန့်ကို ခုတ်ထွင်းရှင်းလင်းပြီးဖြစ်ကြောင်း ဝါရာဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ကချင်သတင်းဌာန KNG ကို ပြောသည်။

“ကျနော်တို့က ဘိန်းခင်းရှိတဲ့နေရာတွေကို လိုက်ရှာပြီး လိုက်ခုတ်ရှင်းတာဖြစ်တယ်။ ဒေသခံတွေ နဲ့ တစ်ချို့ဘိန်းစွဲနေတဲ့သူတွေ စိုက်ကြတယ်။ တခြား ဘိန်းပင်မဟုတ်ပဲ အစားထိုးသီးနှံတွေ စိုက်စားစရာတွေအများကြီး ရှိပါတယ်။ အခုလို ခုတ်ပေးလိုက်တဲ့အတွက် သူတို့ဝမ်းရေး အခက်အခဲရှိသွားတယ်လို့လည်း မဟုတ်ပါဘူး။ ဘိန်းစိုက်တာကို ပြည်သူတွေလည်း မကြိုက်ဘူး ၊ ဘုရားလည်းမကြိုက်ဘူး ၊ အစိုးရ လည်းမကြိုက်ဘူး။ ဒီဘိန်းကိုတော့ ဝမ်းရေး အနေနဲ့ ဘယ်သူကမှ မလုပ်ပေးဖို့ပြောချင်တယ်။” ဟု ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် နှစ်စဉ် ဘိန်းခင်းရာသီဖြစ်သောယခုအချိန်တွင် ကချင်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ ဘိန်းခင်းဖျက်စီးမှုအစီစဉ် ပြုလုပ်ခဲ့ကြသည်။

ယခုနှစ်အတွက် လူအင်အား ၁၀၀ ကျော်ဖြင့် ဘိန်းခင်းဖျက်ဆီးရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

“ကျနော်တို့ ပေါ်လဆီမှာက ဘိန်းခင်းနှိမ်နင်းတာတို့မလုပ်ပဲ အမြင်ဖွင့်တဲ့ဘက်ကိုပဲ အဓိကထားဆောင်ရွက်တာ ဖြစ်တယ်။ ဘိန်းခင်းဖျက်တာတို့ ၊ ဖမ်းဆီးအရေးယူဒါတွေကို ကျနော်တို့ အတင်းအကျပ်တော့ မလုပ်ဘူး။ အမြင်ဖွင့်ပေးတာကိုတော့ အဓိကထားလုပ်ဆောင်တယ်။ အခု ဝါရာဇွပ်မှာ ဘိန်းခင်းဖျက်ဆီးကြတာက သူတို့ဒေသခံတွေ စုပေါင်းသဘောတူပြီး လုပ်ဆောင်ကြတယ်လို့ မြင်ပါတယ်။” ဟု တနိုင်း လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan မှ ဆရာနော်တောင် ဆိုသည်။

၂၀၁၉ ဇွန်လ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မူးယစ်ဆေးဝါးအစီရင်ခံစာအရ ကချင်ပြည်နယ်တွင် ဘိန်းခင်းအများဆုံး စိုက်ပျိုးနေသောနေရာများမှာ တပ်မတော်ကျောထောက်နောက်ခံ ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ်နယ်မြများဖြစ်သော Kambaiti (ကန်ပိုင်တီ) ၊ Sadung (ဆဒုံး) ဟူးကောင်းချိုင့်ဝှမ်းဒေသတို့တွင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကချင်နှင့် ရှမ်းမြောက်ဒေသတွင် ၂၀၁၈-၂၀၁၈ ဘိန်းခင်းရာသီတွင် စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ (၆၉၁၈) တွေ့ရကြောင်း ထပ်မံ ဖော်ပြထားခဲ့သည်။

ထို့အပြင် အစိုးရတပ်မတော် တိုက်ခိုက်သိမ်းပိုက်ကာ နယ်မြေစိုးမိုးထားသော Sumprabum (ဆွမ်ပရာဘွမ်) ၊ Putao (ပူတာအို) စသည့်ဒေသများတွင်လည်း ဘိန်းခင်းစိုက်ပျိုးမှုတိုးလာကြောင်း ဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးစွဲနေသူ အများစုမှာ ကချင်တိုင်းရင်းသားများ ဖြစ်ကြပြီး ရှမ်း နှင့် ဗမာ တိုင်းရင်းသားများလည်း ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button