သတင်း

မြစ်ကြီးနား ကချင်ရိုးရာမနောပွဲအစီစဉ်တွင် ဆိုင်ခန်းဝယ်ယူသူ နည်းပါး

မြစ်ကြီးနားမြို့တွင် ယနေ့ စတင်ပြုလုပ်နေသော ကချင်ရိုးရာမနောပွဲတွင် ဆိုင်ခန်းဝယ်ယူသူဦးရေး အလွန်နည်းပါးခဲ့သဖြင့် ပျော်ပွဲရွှင်ပွဲကဏ္ဍကို ကန်ထရိုက်ယူထားသော လုပ်ငန်းရှင်များ အခက်အခဲကြုံနေရသည်ဟု တာဝန်ရှိ သူများ ပြောသည်။

ဆိုင်ခန်းနေရာချထားမှုကို မနောကွင်းအတွင်းနှင့် မနောကွင်းပြင်ပ (မနောဧရာဥယာဉ်) စသဖြင့် နေရာ ၂ ခုခွဲထားသည်ဟု သိရသည်။

မနောပွဲကွင်းရှိ ကုန်စည်ဆိုင်ခန်းနေရာများကို 135 Ethnics Event & Service Company နှင့် မနောပွဲဖြစ်မြောက်ရေး ကော်မတီတို့ တစ်ဖက်ဆီတာဝန်ယူထားပြီး၊ မနောကွင်းပြင်ပ (မနောဧရာဥယာဉ်-၆၈ဧကကွင်း) ရှိ ပျော်ပွဲရွှင်ပွဲ ဆိုင်ခန်းများကို ဦးမြဟန်က တာဝန်ယူထားသည်ဟု သိရသည်။

စုစုပေါင်း ၈ ရက်ကြာပြုလုပ်မည့် မနောပွဲအစီစဉ်တွင် ပျော်ပွဲရွှင်ပွဲ ဆိုင်ခန်းပေါင်း ၇၀၀ ကျော် ရောင်းချရန် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် ဆိုင်ခန်း၂၀၀ကျော်သာ နေရာချပေးနိုင်သေးကြောင်း ကန်ထရိုက်ယူထားသည့်အဖွဲ့မှ တာဝန်ရှိသူ ကိုစိုးမင်း ကချင်သတင်းဌာန KNG ကိုယခုလိုပြောဆိုသည်။

“ကျနော်တို့က ပထမ ကချင်ပြည်နယ်နေ့ကို အခြေပြုပြီး ဒီလုပ်ငန်းကို တာဝန်ယူဖို့ ရည်ရွယ်ထားခဲ့ တာပေါ့နော်။ အဲ့နောက်မှာ ပွဲရက်တွေက အပြောင်းအလဲ ဖြစ်သွားတော့ အခက်အခဲအများကြီး ကြုံခဲ့ရပါတယ်။ ဒီပွဲစည်ကားဖို့ ပျော်ပွဲရွှင်ပွဲဘက်မှာဘဲ ဆိုင်းခန်းများ ၇၀၀ကျော်လောက် ရောင်းချပေးဖို့ ရည်ရွယ် ထားပြီဖြစ်တယ်။ ဆိုင်ခန်းဝယ်ယူမယ့် သူတွေလည်း အပြည့်ရှိတယ်။ အဲ့ကြောင့် ကျနော်တို့ ရည်မှန်းထားသလောက် မဖြစ်နိုင်ခဲ့တာပေါ့” ဟု သူကပြောသည်။

ကန်ထရိုက်ယူထားသည့် လုပ်ငန်းရှင် ၂ဦးမှ ပွဲကြီးမှူးသည့် ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီကို ဆိုင်ခန်းငှားရမ်းခအဖြစ် သိန်း ၄၅၀ စီ ပေးဆောင်ရန် စာချုပ်ချုပ်ဆိုထားကြောင်း ပြောသည်။

ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ WHG လည်း မနောပွဲတော်ကျင်းပရန် အရွှေ့အပြောင်းဖြစ် သွားသောကြောင့် ကုန်စည်ဈေးရောင်းပွဲတော်ကို ဆိုင်းခန်းပေါင်း ၂၀၀၀ ကျော်ခန့်နေရာချပေးနိုင် ရန်မျှော်မှန်းထားသော်လည်း လက်ရှိတွင် ၁၀၀၀နီးပါးခန့်သာ ရောင်းချပေးနိုင်သေးကြောင်း မနောကွင်းအတွင်းနှင့် ပြင်ပ စုစုပေါင်း ဆိုင်ခန်း ၂၀၀၀ ကျော်ရောင်းချနိုင်ရန် စီစဉ်ထားသော်လည်း ယနေ့အစီစဉ်စတင်သည့်အထိ ၁၀၀၀ ခန့်သာ ချပေးနိုင်သည်ဟု WHG တာဝန်ရှိသူများပြောသည်။

“အခုကန်ထရိုက်ပေးထားတဲ့ နေရာတွေအားလုံးမှာ ဆိုင်ခန်းတွေအပြည့် ရောင်းချပေးဖို့ စီစဉ်ထားတယ်။ အစတုန်းကတော့ မနောပွဲ အပြောင်းအလဲမဖြစ်ခင်က ဈေးရောင်းဖို့ ဘိုကင် လာချိတ်ထားတဲ့ သူတွေလည်းအများကြီးရှိတယ်။ နောက်ပိုင်း ပြသာနာဖြစ်ပြီး ဆိုင်ခန်းတွေ ရဖို့ တစ်ချို့က မလာမေးတော့ဘူး။ အခုကတော့ ဆိုင်ခန်းပေါင်း တစ်ထောင်ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ မျှော်မှန်းထားသလောက်တော့ မရောက်ဘူးပေါ့”ဟု WHG ပွဲဖြစ်မြောက်ရေး ဆိုင်ခန်းများနေရာချထားပေးရေးကော်မတီမှ ဦးလွမ်းဒေါင် ပြောသည်။

ဆိုင်ခန်း ၁၀ ပေ ပတ်လည်တစ်ခန်းကို တစ်သိန်းခွဲ မှ သုံးသိန်းခွဲ အထိသတ်မှတ်ထားသည်။

 

Show More

Related Articles

Back to top button