သတင်း

Kachin State Universities Exchange Program အကြောင်း မိတ်ဆက်

ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသားများ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန် ‘Kachin State Universities Exchange Program’ အမည်ဖြင့် သင်တန်းကို မြစ်ကြီးနား တက္ကသိုလ်တွင် ၆ ရက်တိတိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Exchange Program ကို မြစ်ကြီးနားတက္ကသိုလ် English Club မှ ဦးစီးပြီး ဧပြီလ ၁၉ရက်နေ့မှ ၂၄ရက်နေ့အထိ ပြုလုပ်သွားမည်ဟု ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် သတင်းမီဒီယာမှတဆင့် ရှင်းလင်းအကြောင်းကြားခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းသားများမှာ အဖက်အဖက်တွင် အခွင့်အရေးအလွန်နည်းပါနေသည့်အတွက် ပထမဆုံးအကြိမ်ပြုလုပ်ရခြင်းဖြစ်သည်ဟု Program တာဝန်ခံတစ်ဦးဖြစ်သူ ကို ဟိန်းဇေယျာက မီဒီယာများကို ယခုလိုပြောသည်။

“ဒါက ကချင်ပြည်နယ်မှ ပထမဆုံးအကြိမ်လုပ်တဲ့ အခမ်းအနားပါ။ ရည်ရွယ်ချက်ကို ထိထိရောက်ရောက် ပြောရမယ်ဆိုရင် ကချင်ပြည်နယ်ကြီး တိုးတက်ဖို့ပါဘဲ။ ဘာကြောင့်လဲဆိုတော့ နည်းပညာအခွင့်တွေက တစ်ခြားတက္ကသိုလ်ကျောင်းတွေနဲ့ ယှဉ်ရင် အင်မတန်မှ ကွာခြားလွန်းလှပါတယ်။ ဒီလိုပွဲတွေက တစ်ခြားကျောင်းတွေမှာဆို တစ်လကို တစ်ကြိမ်လုပ်နေတဲ့ အချိန် ဒီမှာက Exchange Program ဆိုပြန်ပြီး မေးနေရတဲ့ အခြေအနေဖြစ် နေတယ်။ ဒီအားနည်းချက်တွေရှိနေတဲ့အတွက် မဖြစ်ရလေအောင် ပြုလုပ်ဖို့ စီစဉ်နေကြတာပါ”ဟု သူကပြောဆိုသည်။

Exchange Program လာရောက်သင်ကြားခြင်းခံရသူများမှာ ခေါင်းဆောင်စွမ်းရည်နှင့် စိတ်ခံစားမှုနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်တဲ့နည်းလမ်း၊ ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသူ/သား အချင်းချင်း ချိတ်ဆက်မှုကောင်းလာရှိပြီး လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည်ဟု သူကဆက်လက်ပြောဆိုခဲ့သည်။

သင်တန်း ၆ရက်အတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း လူစိတ်ဝင်စားမှု ခံနေရသည့် နာမည်ကြီး Social Media Influenser များဖြစ်ကြသော Dee Dee Burmese Vlog ၊ ရန်နိုင်ဦး (The Door Institute)၊ ကိုအောင်မြင်သူ (Activities Founder) စသော ပညာရှင်များက အဓိက လာရောက် ပြောကြားသွားမည်ဖြစ်ကြောင်းသိရပါသည်။

အစီအစဉ်ကြီးတစ်ခု ဖြစ်မြောက်အောင်မြင်နိုင်ရန်အတွက် လူငယ်များအနေနဲ့ ဦးဆောင်ပြီး ပြုရမည်ဖြစ်သည့်အတွက် ငွေကြေး ဘတ်ဂျက် အရ အခက်အခဲများလည်းရှိနေကြာင်း Program Director မဆိုင်းလုလုအောင်က ယခုလိုပြောဆိုထားသည်။

“ကျမတို့က လူငယ်တွေဖြစ်တဲ့အတွက် စိတ်အားဘက်မှာက အရမ်းတက်ကြွနေပါတယ်။ ဒီအစီအစဉ်ပြီးမြောက်ဖို့ လည်း လူအင်အားက အစ စိုက်ထုတ်နေပါတယ်။ လာရောက်သင်ကြားမယ့် လူငယ်တွေရဲ့ စားစရိတ်ကအစ တာဝန်ယူရမယ်ဖြစ်တယ်။ ကျမတို့လူငယ်တွေက ဦးဆောင်ပြီး လုပ်ရတဲ့အတွက် ငွေကြေးအတွက် အင်မတန်မှ အခက်အခဲရှိနေပါတယ်။ လူငယ်တွေအတွက် ပညာရေး ကဏ္ဍဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်း ကူညီပေးဖို့လည်း တောင်းဆိုချင်ပါတယ်”ဟုသူက ပြောဆိုသည်။

Kachin State Universities Exchange Program ကို တက်ရောက်နိုင်ခွင့်ရရှိရန် စည်းကမ်းချက်အနေဖြင့် တက္ကသိုလ်သင်ကြားနေသော ကျောင်းများမှ Day ကျောင်းသားများကိုသာ လက်ခံသွားမည်ဟု ပြောသည်။

Show More

Related Articles

Back to top button