သတင်း

နန့်ဝါသစ်တောကြိုးဝိုင်း CF မြေခွဲဝေရာတွင် တောင်သူ ၇ ဦး မရရှိ

ကချင်ပြည်နယ်၊ ဝိုင်းမော် နမ့်ဝါသစ်တောကြိုးဝိုင်းမြေခွဲဝေရာတွင် မြေနေရာမရရှိသည့်တောင်သူ ၇ဦးသည် ယခင်ကတည်းက နာမည်စာရင်းပါဝင်ခြင်းမရှိသည့်အတွက် မရရှိခြင်းဖြစ်ကြောင်း နမ့်ဝါသစ်တောကြိုးဝိုင်း မြေခွဲဝေရေးအဖွဲ့မှ သိရသည်။

“ကျနော်တို့ စလျှောက်လာကတည်းကလုပ်လာတာ ခု ၁၀နှစ်လောက်ရှိလာပြီ ၁၃၆ ဦးနဲ့လျှောက်လာတာ။ ဦးစီးမှူးက မြေခွဲဝေပေးမယ်လုပ်တဲ့ချိန်မှာ ကျနော်တို့စာရင်းပြန်ကောက်တဲ့ချိန်မှာ ၁၃၆ဦးကနေ ၁၅၂ ဦးထိဖြစ်လာတယ်။ ခုမြေမရတဲ့ ၇ဦးဆိုတာလည်း အရင်ကတည်းကမပါတဲ့သူတွေပါ။” ဟု မြေခွဲကော်မတီအဖွဲ့ ခါနန်နှစ်ခြင်းအသင်တော်မှ အမူတော်ဆောင် ဆရာတန်ဂွန်း ပြောသည်။

နမ့်ဝါသစ်တောကြိုးဝိုင်းရှိ ယခင်က ဦးညွှန့်အောင်ကုမ္ပဏီမှ တစ်သျှူးငှက်ပျောစိုက်ပျိုးခဲ့သော ဧက ၅၅၈ အနက် ဧက ၃၀၀ ကို ဒေသခံများအတွက် အစုအဖွဲ့ပိုင်စိုက်ပျိုးမြေနေရာအဖြစ်ပြန်လည်ပေးအပ်ရန် လွန်ခဲ့သည့် ၂၀၁၉ ဇွန်လတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ခွင့်ပြုခဲ့သည်။

သို့သော်လည်း ဒေသခံများအား မြေယာပြန်လည်ပေးအပ်ရန် စာရင်းကောက်ရာတွင် ယခင်က လျှောက်ထားသည့် ၁၃၆ ဦးထက် ကျော်လာသည့်အတွက် နောက်တစ်ကြိမ်မှ ပြန်လည်လျှောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သစ်တော်ဌာန ပြောသည်။

“ အဲမြေပြသာနာ စဖြစ်ပြီး ဝန်ကြီးချုပ်တို့ဆီတိုင်ကတည်းက ၁၃၆ ဦးဘဲ။ ခုကျနော်တို့ ဧကခွဲပေးလိုက်တာလည်း ၁၃၆ဦးဘဲ။ တိုင်စာ တင်ပြစဉ်တုန်းကလည်း ၁၃၆ဦးဘဲ။ ဒါပေမယ့်ကျနော်တို့က နောက်ကျတော့ပါချင်တဲ့သူတွေလည်း ထည့်ပေးမယ်ဆိုတော့ လူဦးရေက ၂၀၀ ကျော်လောက်ဖြစ်လာတယ်။ အဓိကဘာဖြစ်လဲဆိုတော့ လူကအရမ်းများလာတယ်။ ကျနော်တို့ဖြစ်ချင်တာက မိုးတွင်းမရောက်ခင် မိုးမကျခင် ဒီနေရာက တစ်သျှူးငှက်ပျောတွေကို မြန်ရှင်းပြီး သစ်ပင်စိုက်ချင်တယ်။ ဒါပေမယ့် ဒေသခံတွေကလူကများလိုက် နည်းလိုက်နဲ့ သူတို့ကြားမှာပြသာနာတွေရှိနေကြတော့ မြန်မပြီးနိုင်ဘူး။ အဲကြောင့် ကျနော်ကပြောလိုက်တယ်။ လောလောဆယ်တော့ အရင်ကတည်းကစလျှောက်တဲ့ချိန်ကတည်းကပါတဲ့ ၁၃၆ ဦးဘဲအရင်လုပ်ကြ။ နောက်ထပ်ပြန်လျှောက်ချင်တဲ့သူတွေ နောက်မှပြန်လာလျှောက်ကြလို့ပြောလိုက်တယ်။” ဟု မြို့နယ်သစ်တောဦးစီးမှူး ဦးဆွတ်ရိန်ဆိုင်းလာ ပြောသည်။

ထို့နောက် ၂၀၂၀ မတ်လ ၆ရက်နေ့မှစကာ ပြန်လည်စိုက်ပျိုးခွင့်ပြုမည့် မြေနေရာရှိတစ်သျှူးငှက်ပျောပင်များကို ဒေသခံများ စတင်ခုတ်ထွင် ရှင်းလင်းစေနေပြီဖြစ်သည်။

အဆိုပါ မြေခွဲဝေမှုတွင် နမ့်ဝါ၊ မုတ်ကျိတ်၊ လမြန် ကျေးရွာ ၃ ခုမှ ဒေသခံတောင်သူ ၁၃၆ ဦးအတွက် တစ်ဦးလျှင် ၂ဧကခန့်ရရှိမည်ဖြစ်သည်။

သို့သော်လည်း အဆိုပါမြေခွဲဝေမှုတွင် ယခင် CF စတင်လျှောက်ခဲ့စဉ်ကပါဝင်ခဲ့သော ဒေသခံ ၁၃၆ဦးထက် ပိုများလာသောကြောင့် ဒေသခံများကြား အငြင်းပွားမှု ဆက်လက်ရှိနေသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button