ရွေးကောက်ပွဲဆိုင်ရာသတင်း

ရွှေ့ပြောင်းများ ရက် ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိနေရာတွင် မဲပေးနိုင်မယ့်ဥပဒေကို ကန့်ကွက်ဆန္ဒပြ

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့်သာ မိမိရောက်ရာဒေသတွင် မဲပေးပိုင်ခွင့် ရရှိမည့် ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခု မတ်လ ၉ရက်နေ့ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော၂၀၁၉ အောက်တိုဘာလ ၃ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကပြင်ဆင်လိုက်သော ရွေးကောက်ပွဲ ဆိုင်ရာနည်းဥပဒေ ၁၀ (က)ပုဒ်မအရ ရွှေ့ပြောင်းအလုပ်သမားများကို ရက်ပေါင်း ၁၈၀ မှ ၉၀ သို့ပြောင်းလဲလိုက်သဖြင့် ယင်းတိုင်း ရွေးကောက်ပွဲကျင်းပလျှင် ဒေသခံနိုင်ငံရေးပါတီများအနေဖြင့် ထိခိုက်နစ်နာမှုများရှိလာနိုင်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ကချင်အမျိုးသားကွန်ဂရက် KNC ပါတီ ဥက္ကဌ Dr. Kawn La ယခုလိုပြောသည်။

“ကျနော်လူထုကိုပြောချင်တာက မဲဆန္ဒပေးတယ်ဆိုတာ နိုင်ငံသားအချုပ်အခြာအာဏာသည် နိုင်ငံသားတစ်ဦးချင်းစီက လာသည့်အတွက် အဓိပ္ပါယ်အရဆိုရင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အချုပ်အခြာအာဏာတည်ဆောက်မှုကို သူ့ဒေသအလိုက် သူ့ကိုယ်စားလှယ်ကို ရွေးချယ်တာ ဖြစ်တယ်။ အဲ့ဒါကို ၃လလောက်လာနေရုံနဲ့ အိမ်ထောင်စုစားရင်းမရှိဘဲနဲ့ ကိုယ်စားလှယ်မဲပေးခွင့်ကို ဝင်ရောက်စွပ်ဖက်မှာဖြစ်တယ်။ လူကိုပဲရွေးရွေး ပါတီကိုဘဲရွေးရွေး။ အဲ့လူတွေက ဒေသခံပါတီတွေကို သိမှာမဟုတ်ဘူး။ သူသိတာက ပြည်မပါတီကိုဘဲသိမယ်။ အဲ့လိုလုပ်လိုက်တော့ နဂိုက နိုင်ငံရေးအခွင့် နည်းနေတဲ့ ဒေသခံပါတီတွေက အခွင့်အရေးတွေ ဆုံးရှုံးသွားမှာဖြစ်တယ်။ အဲ့တာအားနည်းချက်ပဲ။ ပြီးရင် ဒီ ဥပဒေက ကမ္ဘာမှာလည်းမရှိဘူး။ ဒီပြသာနာက စီးပွားရေးစီမံကိန်းတွေရှိတဲ့နေရာတိုင်းမှာ သက်ဆိုင်တယ်။” ဦးကောန်လ ပြောသည်။

ယခုပြင်ဆင်ထားသည့် နည်းဥပဒေကြောင့် ကချင်ပြည်နယ်အတွင်း (၁၈) မြို့နယ်အနက် (၁၀) မြို့နယ်ခန့်တွင် ဒေသအခြေစိုက်ပါတီများ မဲနိုင်ရန် အခွင့်အရေးနည်းသွားနိုင်သဖြင့် ဘက်ညီမျှမှုမရှိဘဲ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထိခိုက်သွားနိုင်သည်ဟု သူက ဆက်လက်ပြောဆိုသည်။

“ဖားကန့်လုံးဝနိုင်မှာ မဟုတ်ဘူး။ တနိုင်းလည်း နိုင်မှာမဟုတ်ဘူး။ မိုးညှင်းဆို ပိုဆိုး။ ပူတာအို လမ်းလုပ်သားတွေ ထောင်ချီပြီး ရှိတယ်။ အင်ဂျန့်ယန်မှာ အရင်တုန်းက ကချင်ပါတီတွေ ၃နေရာအနိုင်ရရှိထားတယ်။ ဒါပေမယ့် စစ်ဆင်ရေးဝင်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဝိုင်းမှော် သစ်သျူးငှက်ပျောကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ သိန်းချီရှိတယ်။ ဒီလူတွေက ပြည်နယ်ခံပါတီတွေကို မဲပေးမှာမဟုတ်ဘူး။ ဒါကြောင့် တရားမျှတမှု မရှိဘူး။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီက ရွေးကောက်ပွဲနဲ့ပဲဆုံးဖြတ်နေတယ်။ ဒီမိုကရေစီ အခွင့်အလမ်းပေါ်မှာ အခြေမခံထားသေးဘူး။ ကျနော်တို့တိုင်းပြည်က ရွေးကောက်ပွဲ ဒီမိုကရေစီ အရဆိုလုံးဝမနိုင်ဘူး” ဟု ဦးကောန်လ ဆက်ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ကချင်အမျိုးသာကွန်ဂရက် KNC ပါတီက ဦးဆောင်ပြီး လာရောက်ဝန်းရံသူ ၅၀ကျော်ခန့် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်။

“ကချင်ပြည်နယ်သားတွေက ကိုယ့်ပြည်နယ်အတွက် စီမံခန့်ခွဲချင်တယ်။” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဒေါ် Nang Zing Htang Htu ပြောသည်။

ဆန္ဒပြပွဲတွင် လာရောက်ဝန်းရံသူများက ‘၂၀၂၀ ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု တည်ဆောက်ရေး (ဒို့အရေး…) ၊ ‘ဖက်ဒရယ်ဒီမိုကရေစီ အရွေ့တားဆီးမှု မှန်သမျှ ဖယ်ရှားရေး (ဒို့အရေး…) ၊ ‘ရက်ပေါင်း (၉၀) နေထိုင်လျှင် မဲပေးခွင့် ပယ်ဖျက် ပစ်ရေး (ဒို့အရေး…) ၊ ‘ဒေသခံတို့ရဲ့ မဲဆန္ဒဆုံးဖြတ်ပိုင်ခွင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်၊ ဝင်ရောက်စွက်ဖက်မှု မပြုရေး (ဒို့အရေး…)’ စသော ဆိုင်းဘုတ်များကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဦးဆောင်သော ကချင်အမျိုးသားကွန်ကရက်ပါတီ KNC သည် ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးတွင် ပါဝင်ခြင်းမရှိသောပါတီတစ်ခုဖြစ်ပြီး၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အဖွဲ့ဝင်လည်းဖြစ်သည်။

 

Show More

Related Articles

Back to top button