Covid-19 Reportingသတင်း

တရုတ်နယ်စပ်ဂိတ်များပိတ်ရန် ပြည်နယ်အစိုးရတွင်အခွင့်မရှိ၊ ဝင်ထွက်သွားလာမှု ပိုမိုများပြားလာ

Covid-19 ကူးစက်ရောဂါကြောင့် ကချင်-တရုတ်နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ပြည်နယ်အစိုးရတွင် အခွင့်မရှိကြောင်း ကချင်လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ဒေသခံများ လိုလားနေသော်လည်း ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်ချုပ်ကိုင်ထားသဖြင့် ပြည်နယ်အစိုးရအနေဖြင့် ပိတ်ပိုင်ခွင့်မရှိကြောင်း သိရသည်။

“ကျနော်တို့ ဒီကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကတော့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မဟုတ်ဘူး။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ ၁၉၉၇ နှစ် တရုတ်နဲ့မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။ သို့သော် ပန်ဝါဂိတ်ကတော့ ပြည်နယ်အစိုးရရဲ့လိုအပ်ချက်အနေနဲ့ ဖွင့်ထားတဲ့ဂိတ်ဖြစ်တယ်။ ဒါပေမယ့် လိုအပ်လာရင်တော့ ပိတ်မှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် လဝက ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်လွားကူးစက်ပြန့်နှံနေသည့်အတွက် နိုင်ငံအချို့တွင် ဝင်ထွက်ခွင့် ပိတ်ထားသော်လည်း မြန်မာနိုင်ငံတွင်မူ အတည်ပြုလူနာမတွေ့သေးသဖြင့် ဂိတ်များသည် ဖွင့်ထားဆဲဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် အကြီးမားဆုံးနှင့် စတင်ဖြစ်ပွားခဲ့သောတရုတ်ပြည်နှင့် နယ်စပ်ချင်း ကချင်ပြည်နယ်တွင် နယ်စပ်ဂိတ်များကို ယနေ့ထိ ဖွင့်ထားဆဲဖြစ်သည်။

“လူဝင်လူထွက်ကတော့ ဒီ ၃လပိုင်းအတွင်းမှာ ပိုများလာတယ်လို့ပြောလို့ရပါတယ်။ ရောဂါစဖြစ်တဲ့ ဇန်နဝါရီလကထက် ဒီမတ်လထဲမှာ လူဝင်လူထွက်ပိုများလာတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်သျှူးငှက်ပျော် ထွက်နေတဲ့ချိန်မို့ လူအဝင်အထွက်ရော ကားအဝင်အထွက်ပါ ပိုများလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးနဲ့ပတ်သက်ပြီးတော့ သံသယလူနာတစ်ယောက်သာ ရှိပါသေးတယ်။ သံသယလူနာကလည်း ဆေးစစ်ချက်အရ ရောဂါပိုးမရှိဘူး။” ဟု လူဝင်ကြီးကြပ်ရေး လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ဆိုသည်။

ဇန်နဝါရီလမှ မတ်လထိ ပြုစုထားသောစာရင်းများအရ လွယ်ဂျယ်ဂိတ်တွင် တရုတ်နိုင်ငံသား အဝင် ၃၃၀၀ ၊ အထွက် ၃၃၀၀ ကျော် ၊ မြန်မာနိုင်ငံသားများ အထွက် ၄၆၀၀၀ကျော် ၊ ပြန်လည်ဝင်ရောက်လာသူ ၃၇၀၀၀ကျော် ဖြစ်ပြီး ကံပိုက်တီ နယ်စပ်ဂိတ် တရုတ်နိုင်ငံခြားသား ဝင်ရောက်လာသူ ၁၇၀၀၀ကျော် ပြန်လည်ထွက်ခွာသူဦးရေ ၁၇၀၀၀ကျော် မြန်မာနိုင်ငံသား ထွက်ခွာသူ ဦးရေ ၇၀၀၀ ပြန်လည်ဝင်ရောက်လာသူများမှာ ၁၀၀၀၀ ကျော်၊ ပန်ဝါနယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံသား အဝင် ၈၀၀၀ကျော်၊ အထွက် ၈၀၀၀ ကျော်၊ မြန်မာနိုင်ငံသားများ အထွက် ၂၀၀၀ အဝင် ၂၀၀၀ခန့်ရှိကြောင်း လဝက စားရင်းများအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ် ကချင်ပြည်နယ်အစိုးရ သင်္ကြန်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ထို့အပြင် ရုပ်ရှင်ရုံများ၊ ဘာသာရေးပွဲတော်များ၊ အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများကို မေလအထိ ရက်ရွေ့ထားကြောင်း သဘောထားထုတ်ပြန်ချက်များကို တွေ့ရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော Covid-19 ခေါ်ကူးစက်ရောဂါသည် လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူဦးရေ ၂ သိန်းကျော်ကို ကူးစက်စေကာ လူဦးရေ ၈၀၀၀ ကျော် သေဆုံး ခဲ့ပြီဟု သိရသည်။

Show More

Related Articles

Back to top button