သတင်း

ကျောက်စိမ်း လက်လုပ်လက်စားလုပ်ကွက် လျှောက်ထားသူ နည်းပါး

ဖားကန့်မြို့ ရတနာနယ်မြေအတွင်း ပထမဆုံးလက်လုပ်လက်စားလုပ်ကွက် ရောင်းချပေးရာတွင် လာရောက်လျှောက်ထားသူ နည်းသေးကြောင်း သိရသည်။

လက်လုပ်လက်စား လုပ်ကွက်လျှောက်လွှာများကို မတ်လ ၃ရက်မှ ၁၃ရက်နေ့ထိ ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးတွင် ရောင်းချခဲ့ရာ လုပ်ကွက်ပေါင်း ၃၇၆ကွက်မှ ၁၄၁ ကွက်သာ ရောင်းချနိုင်ခဲ့သည်ဟု ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ထံမှ သိရသည်။

“လျှောက်တဲ့သူ နည်းနေတာကတော့ သတ်မှတ်တဲ့ငွေရေးကြေးရေး မတတ်နိုင်တဲ့သူတွေလည်း ရှိကောင်းရှိမယ်။ ဒါကဘာလဲဆိုတော့ လျှောက်ထားတဲ့နေရာမှာ ၆သိန်းကျော်လောက်ရှိမယ်။ အဓိက လက်လက်စားဆိုတာ ဒေသခံတွေနဲ့ ရပ်ရွာမှာရှိတဲ့မတတ်နိုင်တဲ့ အခြေခံလူတန်းစားကိုပေးတဲ့ချိန်မှာ တစ်ချို့က ဒီချိန်ဆိုငွေရေးကြေးရေး ခက်ခဲတဲ့ချိန်ကျတော့ ဒီငွေ၆သိန်းကျော် ချက်ချင်းလက်ငင်းသွင်းဖို့ အခက်ခဲရှိနိုင်သလို တစ်ချို့ကျတော့လည်း အစောပိုင်းမှာ ကျနော်တို့ကြေငြာတဲ့ချိန်မှာလည်း ဒီနေရာကျတော့ ကျောက်ကြောမရှိတဲ့နေရာတွေဖြစ်တယ်ဆိုတာမျိုး ပြောဆိုကြတဲ့သူတွေ ရှိတဲ့အတွက်လည်း လျှောက်ထားတဲ့ပိုင်းမှာ အားနည်းသွားတာဖြစ်နိုင်ပါတယ်။” ဟု ဝန်ကြီး ဦးဒရှီလဆိုင်း ပြောသည်။

လက်လုပ်လက်စား လုပ်ကွက်ရောင်းရာတွင် လျှောက်လွှာစာရွက် ဝယ်ယူသွားသူများသည် ၃၃၄စောင် ရှိသော်လည်း အမှန်လုပ်ကွက်လာရောက်ဝယ်ယူသူများမှာ ရာခိုင်နူန်းအားဖြင့် ၃၀ ရာခိုင်နူန်းခန့်သာ ရှိသည်ဟု သိရသည်။

လုပ်ကွက်တစ်ကွက်တွင် ၁ဧကရှိပြီး လုပ်ကွက်သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ လုပ်ကွက်ဝယ်ယူသူများသည် ပြည်နယ်အစိုးရ၏ စဘော်ငွေကျပ် (၅၀၀၀၀၀)၊ လျှောက်လွှာတစ်စောင်(၁၀၀၀)၊ မှတ်ပုံတင်ကြေး(၃၀၀၀၀)၊ စစ်ဆေးခ(၅၀၀၀၀)၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ (၁၀၀၀၀၀) စုစုပေါင်း ၆၅၀၀၀၀ ကျပ်ပေးသွင်းရသည်။

“ပြည်သူတွေအနေနဲ့ အစိုးရရဲ့တရားဝင်ချထားပေးလာတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတရားဝင်ချထားပေးခြင်းအားဖြင့် အစိုးရအနေနဲ့လည်း အစစအရာရာမှာ အားနည်းချက် အားသာချက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည်စီစစ်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်တယ်။” ဟု ဝန်ကြီး ဆက်လက်ပြောဆိုသည်။

လျှောက်ထားသောသူများကို လာမည့် သင်္ကြန်အပြီးတွင် လုပ်ငန်းစတင်နိုင်ရန် ဆောင်ရွက်နေသည်ဟု ထပ်မံ သိရသည်။

လက်ရှိလက်လုပ်လက်စား ကျောက်စိမ်းလုပ်ကွက်သည် တာမခံ၊ဟောင်ပါးဧရိယာတွင် ၂၃၉ဧက၊ မရှီကထောင်၊ ဂျန်ထပ်ဧရိယာဘက်တွင် ၅၄ဧက၊ နမ္မဖြစ်တွင် ၈၃ဧက ရှိပြီး လုပ်ကွက်စုစုပေါင်း ၃၇၆ ကွက် ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်ထောင်စုမှ ကျောက်စိမ်းတူးဖော်ခွင့်ရ ဧရိယာ စုစုပေါင်း ၂၇၇၄၀ ဧကရှိသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button