သတင်း

နေရပ်ပြန် နမ်ဆန်ယန် စစ်ရှောင်များကို ထပ်မံ ထောက်ပံ့ရန် အစိုးရထံ တောင်းဆို

အစိုးရနှင့် တပ်မတော်၏ အစီအစဉ်ဖြင့် ပထမဆုံးနေရပ်ပြန်သော နမ်ဆန်ယန်ကျေးရွာတွင် လာမည့် မိုးတွင်းမရောက်မှီ စားနပ်ရိက္ခာကူညီထောက်ပံ့မှု ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်များ ပြောသည်။

တောင်ယာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် မိုးတွင်းကာလမတိုင်မှီ စားနပ်ရိက္ခာနှင့် အခြားလိုအပ်မှုများကို ၆လစာ ပြန်လည် ထောက်ပံ့ပေးရန် တပ်မတော်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို မတ်လ ၁၇ရက်နေ့ စာတင်ပြထားကြောင်း နမ့်ဆန်ယန် နေရပ်ပြန်နိုင်ရေးကို ဦးဆောင်ပေးခဲ့သူ ဦးဖော်လားဂမ်ဖန် ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“စစ်ရှောင်တွေက မကြာခင် တောင်ယာလုပ်ငန်းတွေ စတင်လုပ်ကိုင်တော့မှာ ဖြစ်တယ်။ အဲ့အချိန်မှာ စားသောက်ရိက္ခာတွေ လိုအပ်လာမယ်။ သူတို့အတွက်က အဓိကတော့ အစားအသောက်က အရမ်းအရေးကြီးနေတယ်။ တစ်ချို့ဆိုရင် အခုကနေ စတင်လုပ်နေကြပြီ။ ပြီးတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြု ပစ္စည်းတွေလည်းလိုအပ်နေတယ်။ အခုအစိုးရကလည်း ထောက်ပံ့ပေးရန် လိုအပ်သေးတယ်လို့ထင်တယ်။ ဒါကြောင့် ဆက်လက်ထောက်ပံ့ဖို့ ပြန်ပြီး တောင်းဆိုထားတာပေါ့” ဟု ပြောသည်။

နမ့်ဆန်ယန်ကျေးရွာတွင် နေရပ်ပြန်အခြေချသည့် ဒေသခံများ ၁နှစ်ကျော်လာပြီ ဖြစ်သော်လည်း မည်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းမှ လာရောက်ထောက်ပံ့ခြင်း မရှိကြောင်း သိရသည်။

အစိုးရနှင့် တပ်မတော်ထံ စာတင်ပြတောင်းဆိုထားမှုတွင် ဆန်၊ ဆီ၊ ဆား နှင့် တောင်ယာလုပ်ငန်းတွင် အသုံးပြုမည့် အသုံးဆောင်ပစ္စည်းများ၊ ကျေးရွာအတွင်း လျှပ်စစ်မီးလိုင်းများရရှိရေး၊ သင့်လျှော်သော ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းဆောင်ရွက်ပေးရေး စသောအချက်အလက်များကို တင်ပြတောင်းဆိုထားသည်ဟု ပြောသည်။

ထို့အပြင် နေရပ်ပြန်ဒေသခံများအတွက် အလိုအပ်များအရာများမှာ အစားစာ၊ ဆေးဝါး၊ လျှပ်စစ်မီး၊ လုံခြုံရေးနှင့် နေအိမ်များဖြစ်သည်ဟု ပြောဆိုနေကြပါသည်။

“အစစအရာရာ ပြန်ပြီး လုပ်ယူရတယ်။ နေအိမ်တွေဆိုလည်း တစ်ချို့က ပြန်လုပ်တာ မပြီးသေးဘူး။ တစ်ချို့က အဖြစ်သဘောလုပ်ပြီး ပြီးသွားတာရှိတယ်။ ပြီးရင် အစားအသောက်ပေါ့။ နောက် သောက်ရေလည်း ခက်ခဲတယ်။ အရင်တုန်းက ရှိတဲ့ ရေတွင်းတွေက ပြိုကျသွားတာရှိတယ်။ အဲ့နောက်တစ်နေရာမှာ ပြန်လုပ်ရတာရှိတယ်။ အဓိကအရေးကြီးတာက ကျန်မာရေးပေါ့။ ဒီမှာက ဆေးဝါး တွေမလုံလောက်ဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ပေး စေချင်တယ်” ဟု နေရပ်ပြန် ဒေသခံ ဒေါ် ခေါန်ရာက ကချင်သတင်းဌာန KNG သို့ပြောဆိုသည်။

လက်ရှိ နမ့်ဆန်ယန်ကျေးရွာတွင် တရားဝင်နေရပ်ပြန်သည့် စစ်ရှောင်အိမ်ထောင်စု ၉၆ခု၊ လူဦးရေ ၅၀၀ကျော် ရှိနေပြီဖြစ်ပြီး ဧပြီလဆန်းပိုင်းတွင်လည်း နောက်ထပ်နေရပ်ပြန်မည့် လူဦးရေ ရှိနေသေးကြောင်း ထပ်မံ သိရသည်။

နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တစ်ကျော့်ပြန်တိုက်ပွဲကြောင့် စစ်ရှောင်ခဲ့သော ကျေးရွာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီလတွင် အစိုးရတပ်မတော်အစီစဉ်ဖြင့် ဒေသခံအချို့ နေရပ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ဒေသခံများ လုံခြုံစွာသွားလာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ထိရောက်သော မိုင်းရှင်းလင်းရေး ပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်သည်။

 

Show More

Related Articles

Back to top button