သတင်း

တစ်သျှူးငှက်ပျောလုပ်သားများ လုပ်ခလစာ မရမှုကို ဖြေရှင်းပေးရန် ပြည်နယ်အစိုးရထံ တောင်းဆို

ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာ တစ်သျှူးငှက်ပျောစိုက်ခင်းရှိ ရွှေ့ပြောင်းအလုပ်သမားများက လုပ်ခလစာ မရရှိသဖြင့် အဆိုပါကိစ္စကို အမြန်ဖြေရှင်းပေးရန် မတ်လ ၁၉ရက်နေ့ ကချင်ပြည်နယ် အစိုးရုံးသို့ လာရောက်တောင်းဆိုခဲ့ ကြသည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ဆီဆန်းစတားကုမ္မဏီမှ အလုပ်သမား ၄၀ကျော်ကို ရက်ပေါင်း ၂၀ကျော်အတွက် လုပ်အားလစာ မပေးသည့်အတွက် အလုပ်သမားများ စားဝတ်နေရေး အလွန်ခက်ခဲနေသောကြောင့် ပြည်နယ်အစိုးရထံ လာရောက်တောင်းဆိုရခြင်း ဖြစ်သည်ဟု ငှက်ပျောခြံလုပ်သား ဒေါ်နီနီအောင် ပြောသည်။

“အခုပြည်နယ်အစိုးရကို လာရောက်တိုင်ကြားတာက ငှက်ပျောလုပ်တဲ့ ကုမ္မဏီက အလုပ်သမားတွေ လုပ်အားခ မပေးတာကြောင့် ဝန်ကြီးရုံးကိုလာပြီး လာတိုင်ကြားတာပါ။ လုပ်အားခမရတာက ၁လကျော်ပြီ။ အဲ့မှာလုပ်ခဲ့တာက ၇လလောက်ရှိသွားပြီ။ လုပ်အားခမရတဲ့အတွက် အရမ်းခက်ခဲ နေတယ်။ ပြီးရင် လုပ်အားခမရတော့ တစ်ခြား ကုမ္မဏီတွေဆီမှာ ထွက်လုပ်တော့လည်း မလုပ်ခိုင်းဘူး ပိတ်ပေးလိုက်တယ်။ သူတို့ ဒီအလုပ်သမားတွေက အကျင့်ပျက်တဲ့ အလုပ်သမားတွေ ဖြစ်တယ်ဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာရော ဖြန့်ပြီး နှောက်ယှက်တယ်။ နောက်ပြန်ပြီး မောင်းထုတ်လိုက်တယ်။ ပြသာနာဖြစ်နေတာကို ဖြေရှင်းပေးဖို့ပါ”ဟု သူက ပြောသည်။

လာရောက်တိုင်ကြားသူများက ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် (လဝက) ဝန်ကြီး ဦးဇော်ဝင်နှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း အားရကျေနပ်ဖွယ် အဖြေမရရှိခဲ့ကြောင်း ဝန်ကြီးဖြင့် တွေ့ဆုံခဲ့သူများ ထပ်မံ ပြောပြသည်။

ယခု ရွှေ့ပြောင်းအလုပ်သမားများ လုပ်အားခရရှိရေး ပြည်နယ်အစိုးရထံ တောင်းဆိုမှုကို ၁ပတ်အတွင်း အမြန်ဖြေရှင်းပေးစေလိုသည်ဟု ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ လုပ်အားခကို အမြန်ရချင်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်မလုပ် ရတော့ စားဝတ်နေရေးအတွက် အရမ်းခက်ခဲနေပါတယ်။ ပြီးရင် ကျနော်တို့က နေ့စားသမားတွေ လည်း မဟုတ်ဘူး။ ကျင်စားနှင့်လုပ်တာဖြစ်တယ်။ ကျင်စားဆိုတာက မနက်ဆိုမနက်။ ညဆိုည အချိန်မရွေးလုပ်ရတယ်။ အဲ့ဒါကြောင့် တန်ရာတန်ကြေးရချင်တယ်။ အစိုးအရအနေနဲ့လည်း ဖြေရှင်းပေးမယ်လို့ ယုံကြည်တယ်” ဟု ငှက်ပျောအလုပ်သမား ကို မင်းမင်း ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားနှင့် ကုမ္ပဏီကြား ပထမကြိမ် တာလောကြီး အလုပ်သမားစုပေါင်းရုံးတွင် တစ်ကြိမ်ဖြေရှင်းပြီးသော်လည်း အလုပ်သမားများလက်မခံခဲ့သောကြောင်း သိရသည်။

ထို့နောက်ဒုတိယအကြိမ် ငှက်ပျောသီးနှံရုံးမှ သီးနှံလူကြီးများမှ ထိုက်သင့်သော လုပ်အားခငွေကြေးများရရှိရန် ဖြေရှင်းပေးခဲ့ကြသော်လည်း အဆင်မပြေသောကြောင့် မတ်လ ၂၁ ရက်နေ့ ပြည်နယ်အစိုးရ လဝက ဝန်ကြီးဦးဇော်ဝင်းမှ နှစ်ဘက်မျှတအောင် ညှိနှိုင်းဆဲအခြေအနေတွင်ရှိနေကြောင်း ဆီဆန်းစတား ကုမ္ပဏီမှ တာဝန်ခံ ဒေါ်ဂျာခေါင်မှ ကချင်သတင်းဌာန KNG သို့ ပြန်လည်ရှင်းပြခဲ့သည်။

ကုမ္ပဏီနှင့် အစိုးရသတ်မှတ်စျေးထက် ပိုလွန်စွာ အလုပ်သမားများဘက် တောင်းဆိုနေသဖြင့် ညှိနှိုင်းခက်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောအား၂၀၁၂ ခုနှစ်မှ စတင်စိုက်ပျိုးလာခဲ့ကြပြီးနောက် ဒေသခံနှင့် ကုမ္မဏီများကြားလည်း လုပ်အားခနှင့် ပတ်သက်ပြီး ပြသာနာများပုံမှန် ဖြစ်ပွားမှုရှိနေကြောင်းလည်း တွေ့ရသည်။

လက်ရှိ ဝိုင်းမော်မြို့နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်ပျိုးနေသည်မှာ ဧကပေါင်း ၁သိန်းကျော်ခန့်ရှိသည့်အပြင် ငှက်ပျောစိုက်ပျိုးသည့် ကုမ္မဏီပေါင်း ၃၀ ကျော်အနက် ကုမ္ပဏီ ၁ ခုတည်းသာ ပြည်နယ်အစိုးရတွင် မှတ်ပုံတင်ထားသည်ဟု သိရသည်။

ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောတရားဝင် စိုက်ပျိုးခွင့်ပြုရေး ဆွေးနွေးနေသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button