Covid-19 Reportingသတင်း

မြစ်ကြီးနား COVID-19 ပညာပေး ပန်းချီဆရာများ ဗုဒ္ဓဘာသာ ထိပါးမှုဖြင့် တရားစွဲခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မီးရထားဘူတာ တိုက်တန်းအုတ်နံရံများတွင် COVID-19 လူထု အသိပညာပေး ပန်းချီရေးဆွဲခဲ့သည့် လူငယ်များကို ဗုဒ္ဓဘာသာကို ထိပါးစေသည့် ဥပဒေ ပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

အုတ်နံရံတွင် သရုပ်ဖော် ရေးဆွဲထားသည့်ပန်းချီကား၏ သေမင်းတမန်ပုံဖော်ရာ၌ ဘာသာရေး ထိပါးစေသည့် အဓိပ္ပါယ်ပါဝင်နေသည့်အတွက် လူမူကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်များစွာရှိခဲ့သည့်အတွက် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းအောင်မှ တရားလိုလုပ်ကာ ပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

“Campaign လုပ်တဲ့သဘောဘဲ။ ကျနော်ဒီဟာလုပ်တဲ့တွက် ကျနော့အတွက်ဘာမှ အကျိုးအမြတ်ရတာ မဟုတ်ဘူး။ ကိုယ်တိုင်အိတ်စိုက်ပြီးတော့မှ နေပူထဲမှာ ၂နာရီကျော်ကြာအောင် ၂ရက်ကျော် နေပူခံပြီးတော့ လာဆွဲထားတာဗျ။ ကျနော်တို့ကဘာသာရေး လူမျိုးရေးကိုရည်ရွယ်ပြီးမှ ဘာမှလုပ်တာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဘယ်ဘာသာကိုမှ ထိခိုက်စေလိုခြင်း အလျင်းမရှိပါဘူး။ ကျနော်ရည်ရွယ်တာက လူတွေအားလုံး ဒီ Covid ရောဂါကို ကြောက်လန့်ဖို့ရယ်၊ ပူးပေါင်းကာကွယ်ဖို့ရယ်၊ မပေါ့ဆဖို့ရယ်အဲရည်ရွယ်ချက်တစ်ခုထဲနဲ့ ဒီဟာကိုဆွဲဖြစ်တာပါ” နံရံပန်းချီ ရေးဆွဲခဲ့သူ ကို ဇေယျာနောင် က ပြောသည်။

ပန်းချီသဘောတရားအရ သေမင်းတမန်ပုံအား အနီရောင်ခြယ်ထားခြင်းသည် နောက်ခံ Background အရောင်ကို ကြည့်ပြီးဆွဲတာဖြစ်သည့်တွက် သေမင်းပုံသည် အနီရောင်အပြင် အခန့်မသင့်ရင် အပြာရင့်ရောင်သုံးပြီး ဆွဲနိုင်ပြီး ဘာသာရေးထိခိုက်စေချင်သည့် စိတ်ဆန္ဒဖြင့် ရေးဆွဲခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ နံရံပန်းချီအား လက်ရှိကမ္ဘာတစ်ဝန်းမှာဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ပြည်သူများအား အသိပညာပေး campaign အနေဖြင့် ပန်းချီရေးဆွဲေနေကြခြင်းဖြစ်ကြောင်း လက်ရှိ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ပန်းချီအား ရေးဆွဲနေသည့်အဖွဲ့မှ မ Sicillia Ja Seng က ခုလိုပြောသည်။

“ဘာသာရေးနဲ့တစ်ခုမှ မပါဘူး။ ကျမကတော့ အဲဒီပုံကိုဖန်တီးတဲ့သူတော့ မဟုတ်ဘူး။ ဒါပေမယ့် သူပြောပုံအရ နားထောင်တာတော့ သူ့ရဲ့ဝတ်ရုံက သေသေချာချာကြည့်ရင် ဘာမှမဆိုင်ပါဘူး။ အနုပညာမျက်စိနဲ့ဘဲ ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ သပိတ်နဲ့လည်းမတူပါဘူး။ သေချာကြည့်စေချင်တယ်။ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ မဆုံးဖြတ်လိုက်ပါနဲ့ အရမ်းအန္တာရယ်ကြီးပါတယ်။ ကျမအနေနဲ့ကြည့်ရင်တော့ ဒီပုံက ဘုန်းကြီးနဲ့လည်း မတူပါဘူး။ သေမင်းတမန်ကိုဖော်ဆောင်ထားတာပါ” ဟု ပန်းချီဆရာမ Sicilia Ja Seng က ပြောသည်။

တရားဆွဲခံထားရသူများသည် ပန်းချီရေးဆွဲသူ ကိုဇေယျာနောင်၊ ကိုနော်ထူးအောင်၊ မ Sicilia တို့ သုံးဦးဖြစ်ကာ တရားရုံးသို့ဦးတိုက်ဆွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိ သရုပ်ဖော်ရေးဆွဲထားသည့်ပုံတွင် သေမင်းတမန်အား အနီရောင်ခြယ်ထားခြင်းနဲ့ပတ်သက်ပြီး အုတ်နံရံတွင် သရုပ်ဖော်ရေးဆွဲသူ ကိုဇေယျာနောင်က ခုလိုပြောသည်။

“အနီရောင်ဆွဲတာကတော့ အနီရောင်က လူတွေရဲ့စိတ်မှာ အကြောက်တရားပိုပြီးပေါ်လွင်စေဖို့ ပြီးတော့ ဒီ Covid-19 ကို ကြောက်လန့်ပြီးတော့ ပေါ့ပေါ့ ဆဆမဖြစ်အောင် ကိုယ့်ကိုကိုယ်ကာကွယ်အောင် ပညာပေးပုံစံမျိုးနဲ့ ဆွဲထားတာဖြစ်ပါတယ်” ဟု ပန်းချီရေးဆွဲသူ ကိုဇေယျာနောင် ဆက်လက်ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button