သတင်း

ကိုရိုနာကပ်ရောဂါကြောင့် ဖားကန့် ကျောက်စိမ်းလုပ်ကွက်ချထားပေးမှု ရက်ရွေ့ဆိုင်း

ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေတွင် ဒေသခံများအတွက် လက်လုပ်လက်စားလုပ်ကွက်ချထားပေးရန် ဧပြီလတွင် စီစဉ်ထားသော်လည်း Covid-19 ကြောင့် ရက်အကန့်အသတ် ရွေ့ဆိုင်းထားကြောင်း သိရသည်။

“ကျနော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပြီ။ ခွင့်ပြုမိန့်မှာ လက်မှတ်ထိုးပေးရုံဘဲ ဒါပေမယ့် လုပ်ကွက်စီစစ်ချထားပေးမယ့် မြို့နယ်လုပ်ကွက် စီစစ်ချထားရေးအဖွဲ့က ဒီကြားထဲမှာ Covid ဖြစ်လိုက်တဲ့ချိန်ကျတော့ ရုံးဝန်ထမ်းတွေက တစ်ဝက် လျော့ထားတဲ့ချိန်ကျတော့ ဒေါက်တိုင်တွေဘာတွေ စိုက်တဲ့ချိန်ကျရင် ဝန်ထမ်းအင်အားနည်းနေတဲ့တွက် ကြန့်ကြာနှောင့်နှေးမှုတွေ ဖြစ်နိုင်တယ်။” ဟု သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသခံများကို ဦးစားပေးပြီး ပထမဆုံးအကြိမ်အဖြစ် လက်လုပ်လက်စား လုပ်ကွက်ပေါင်း ၃၇၆ ကွက်အား လုပ်ကွက်ဖော်နိုင်ခဲ့သော်လည်း လာရောက်လျှောက်ထားသူများသည် ၁၄၁ ယောက်သာရှိခဲ့သည်။

ထိုအထဲ စည်းကမ်းချက်နှင့်အညီ စီစစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လုပ်ကွက်ပေါင်း ၈၄ ကွက်ကို စတင်ချပေးရန် စီစဉ်နေချိန်ဖြစ်သည်။

လက်လုပ်လက်စားလုပ်ကွက် တစ်ကွက်၏အကျယ်အဝန်းသည် ၁ဧကဖြစ်ပြီး သတ်မှတ်ကာလသည် ၁နှစ်ဖြစ်သည်။

လက်လုပ်လက်စား လုပ်ကွက်မြေနေရာများသည် တာမခံ၊ ဟောင်ပါး ဧရိယာတွင် ၂၃၉ကွက်၊ မရှီကထောင်၊ ဂျန်ခပ် ဧရိယာတွင် ၅၄ဧက၊ နမ္မဖြစ်ဧရိယာတွင် ၈၃ဧက ရှိပြီး လုပ်ကွက်စုစုပေါင်း ၃၇၆ကွက်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

ကချင်ပြည်နယ်တွင် ဖားကန့်မြို့တွင် ပြည်ထောင်စုမှ ကျောက်စိမ်းတူးဖော်ခွင့်ဧရိယာ စုစုပေါင်း၂၇၇၄၀ ဧကရှိသည်။

 

Show More

Related Articles

Back to top button