Covid-19 Reportingသတင်း

စစ်ရှောင်စခန်းပြင်ပ တစ်ညအိပ်ပြန်လာသူများ Quarantine ၁၄ ရက် စောင့်ကြည့်ခံရ

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းအချို့တွင် သက်ဆိုင်ရာမှညွှန်ကြားထားခြင်းမရှိသော်လည်း စခန်းပြင်ပသို့ တစ်ညအိပ်ပြီး ပြန်ရောက်လာသူများကို ၁၄ ရက်သီးသန့်ထား စောင့်ကြည့်လျှက်ရှိကြောင်း သိရသည်။

“Camp ထဲကလူတွေလည်း တစ်ညလောက်အပြင်ထွက်တာနဲ့ မဝင်ခိုင်းတော့ဘူး။ တစ်ညအိပ်ပြီးပြန်လာတဲ့သူတွေကို ကလေးမူကြိုကျောင်းမှာ ၁၄ရက်ထားတယ်။ အဖျားတိုင်းတာတွေလုပ်ပေးတယ်။ ၁၄ ရက်အတွင်းဘာမှမဖြစ်တော့ဘူးဆိုမှ Camp အထဲကိုဝင်ခိုင်းတာဖြစ်တယ်။ ကျနော်တို့အနေနဲ့လည်းသူတို့ကို နားလည်အောင်ပြောပြထားတွေရှိတယ်။ ဒီလိုလုပ်ရခြင်းက Campတွင်းမှာရှိတဲ့သူတွေအားလုံးရဲ့ ကျန်းမာရေးအတွက်ဖြစ်တယ်ဆိုပြီး သေချာပြောပြပြီးမှ သီးသန့် ၁၄ရက်ထားတာဖြစ်တယ်။” ဟု မြစ်ကြီးနား ပလန ရပ်ကွက် Trinity စစ်ရှောင်စခန်းမှ ဒုတာဝန်ခံ ဦးဘရန်ရှောင် ပြောသည်။

လူရာချီစုပြုံနေသော စစ်ရှောင်စခန်းတွင် ကိုရိုနာဗိုင်းရပ် လူတစ်ယောက်ကူးစက်ခံရလျှင် စခန်းတစ်ခုလုံးအတွက် စိုးရိမ်ရသဖြင့် ယခုလို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေး မပြုလုပ်ရန်၊ လက်ဆေးခြင်း၊ မိမိအိမ်တွင်နေခြင်း စသည့်အမိန့်ညွန်ကြားချက်များကို သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော်လည်း လူထူထပ်သည့် စစ်ရှောင်စခန်းများတွင် ခက်ခဲမှုရှိနေကြသည်ကို တွေ့ရသည်။

အလားတူ မိုင်းနား KBC စစ်ရှောင်စခန်းတွင်လည်း အဆိုပါ စနစ်ကို အသုံးပြုနေသည်ဟု သိရသည်။

“စခန်းထဲမှာ ရောဂါတစ်ယောက်မှာရှိပြီဆိုရင် စခန်းတစ်ခုလုံးကူးသွားနိုင်တယ်။ ကျနော်တို့ဒီလိုလုပ်ရခြင်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့လုပ်ရတာဖြစ်တယ်။ တစ်ချို့နားမလည်တာတွေတော့ ရှိပါတယ်။ ဒါပေမယ့် စခန်းလိုအပ်ချက်ကြောင့် လုပ်ရတာဖြစ်တဲ့တွက် အပြင်မှာတစ်ညလောက်ထွက်အိပ်တာနဲ့ သီးသန့်စီစဉ်ထားတဲ့အဆောင်မှာနေရမှာ ဖြစ်ပါတယ်။ နေ့ချင်းပြန် သို့မဟုတ် ခနတစ်ဖြုတ်ဈေးဝယ်သွားတာမျိုးမှလွှဲပြီး ပေးမထွက်ဘူး” ဟု မိုင်းနား (KBC) စစ်ရှောင်စခန်းတာဝန်ခံ ဆရာဘရန်မိုင်က ဆိုသည်။

ထို့အပြင် လက်ရှိစစ်ရှောင်စခန်းများတွင် ရောဂါကာကွယ်ရေးပစ္စည်းများ စုံလင်စွာ မရှိသေးသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်တွင် ဧပြီလ ၆ရက်နေ့ထိ Quarantine ထားရှိထားသောအရေအတွက်မှာ စုစုပေါင်း ၄၈၈၃ ခန့်ရှိပြီး သတ်မှတ်ထားသည့်နေရာ ၁၈၂ ခုရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

စစ်ရှောင်စခန်းတွင်းနေထိုင်သည့် မိသားစုဝင်များတွင် နိုင်ငံခြားပြန်များရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားရမည်ဖြစ်သည်။

သို့သော်လည်း ယခုစစ်ရှောင်စခန်များတွင် သီးသန့်စောင့်ကြည့်ခံထားရသူများသည် စခန်း၏လိုအပ်ချက်အရ စခန်းတွင်းနေထိုင်သည့်သူများအားလုံး၏ သဘောတူညီချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်းပေါင်း ၁၃၀ ကျော်ရှိကာ လူဦးရေပေါင်း ၁သိန်းကျော်ရှိနေဆဲဖြစ်သည်။

 

Show More

Related Articles

Back to top button