သတင်း

နိုင်ငံတော်အစိုးရ၏ သင်္ကြန်ကာလ ထောက်ပံ့မှုတွင် ကချင်ပြည်နယ်ရှိ ရွေ့ပြောင်းများပါဝင်

နိုင်ငံတော်အစိုးရမှ သင်္ကြန်ကာလအတွင်း အခြေခံလူတန်းစာများအတွက် ထောက်ပံ့မည့်အစီစဉ်တွင် မြစ်ကြီးနားမြို့နယ်တွင်းရှိ ဒေသခံများ၊ ရွေ့ပြောင်းများ ( အိမ်ထောင်စုဇယားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အမှန်တစ်ကယ်ခက်ခဲသူများအတွက် ပါဝင်ကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပြောသည်။

“ပြည်သူတွေအားလုံး အိမ်မှာနေနိုင်ရေးအတွက်ကို ပုံမှန်ဝင်ငွေမရှိတဲ့ ဒီအဓိပ္ပါယ်နဲ့ပတ်သက်ပြီး တစ်ချို့တွေက ပုံမှန်ဝင်ငွေဆိုတာကို ဘာကိုပြောတာလဲ။ လစာကိုပြောတာလား တစ်နေ့လုပ်တစ်နေ့စားကို ပြောတာလားဆိုတာက ကွဲပြားစွာမသိတဲ့တွက် စာရင်းကောက်တဲ့ချိန်မှာ အားလုံးက ကျမတို့လည်းဝင်ငွေရှိတာမဟုတ်ဘူး။ ကျနော်တို့က ဝင်ငွေရှိတာမဟုတ်ဘူးဆိုတာတွေ များလာတဲ့တွက် ဒါတွေကို ထိန်းချုပ်နိုင်အောင်ဆိုပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး စည်းဝေးပြုလုပ်ခဲ့ပါတယ်။ အဓိက ဘယ်လိုလူတွေကိုပေးမလဲဆိုရင် ပန်းရံလုပ်တဲ့လူတွေ၊ ဆိုက်ကာသမားတွေ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ဟာတွေ ဒီနေ့လုပ်ပြီး နက်ဖြန်အလုပ်မဆင်းရင် စားစရာမရှိအမှန်တစ်ကယ်လိုအပ်နေတဲ့ သူတွေကိုစာရင်းပေးပါဆိုပြီး ဦးစီးဇယားလေးနဲ့ပေးထားပြီးဖြစ်ပါတယ်။” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပြောသည်။

အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ပြည်၊ ဆီ ၅၀သား၊ ပဲ ၁ပိသာ၊ ဆား ၅၀သား၊ကြက်သွန်ဖြူ ၁ပိသာ ရရှိမည်ဖြစ်သည်။

“ခုကြားနေရတာက ဆန်ဝေမယ့်ဟာတွေက အိမ်ထောင်စုဇယားရှိတဲ့သူတွေဘဲဝေမယ်လို့ကြားနေရတယ်။ အဲလိုဆိုရင်တော့ နယ်ကနေလာပြီး ဒီမှာအလုပ်လုပ်တဲ့သူတွေ အိမ်ထောင်စုဇယားမရှိတဲ့သူ လက်လုပ်လက်စား အားလုံးကိုဝေပေးရင်တော့ ပိုကောင်းတာပေါ့။ လက်ရှိလုပ်နေတဲ့အလုပ်သမားတွေက ရွာပြန်မယ်ဆိုရင်လည်း အခက်ခဲတွေရှိနေတယ်။ လုပ်ထားတဲ့လုပ်အားခတွေ မရတာလည်းရှိတယ်။ ပြန်မယ်ဆိုတော့လည်း ခုက ကားတွေပိတ်ထားတဲ့ဟာတွေလည်း ရှိနေတော့ အိမ်ထောင်စုဇယားမရှိတဲ့အလုပ်သမားတွေတွက်လည်း စီစဉ်ပေးရင်တော့ အကောင်းဆုံးပေါ့။” မြစ်ကြီးနားမြို့တွင် ပန်းရံလုပ်ငန်း လုပ်ကိုင်နေသူ ကိုဖြိုးမင်းသူ ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် မူရင်းဒေသခံ အိမ်ခြေပေါင်း ၄သောင်း ၂ထောင်ခန့်ရှိပြီး၊ ရွှေ့ပြောင်းအလုပ်သမားများအရေအတွက် ၈သောင်းကျော်ရှိသည်။

ယခုထောက်ပံ့မည့်ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး အိမ်ထောင်စုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမှန်တစ်ကယ် လိုအပ်နေသူများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောသည်။

“တစ်ချို့ကလည်း မေးတာရှိပါတယ်။ အိမ်ထောင်စုဇယားမရှိတဲ့ အလုပ်သမားတွေကောထည့်လို့ရမလားဆိုတာနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ သူတို့လည်းနိုင်ငံသားတွေဘဲမို့ တစ်ကယ်ခက်ခဲတယ်။ ကူညီတစ်ကယ်လိုအပ်တယ်ဆိုရင် အိမ်ထောင်စုဇယား ရှိရှိမရှိရှိ စာရင်းထည့်လာခဲ့ပါလို့မှာထားတာတွေရှိပါတယ်။ စစ်ရှောင်တွေကိုတော့ အစိုးရအနေနဲ့လည်းထောက်ပံ့နေတာဆိုတော့ သူတို့ပတ်သက်ပြီးထည့်ဖို့မထည့်ဖို့ဆိုတာက ညွှန်ကြားလာတဲ့ပေါ်မူတည်မှာဖြစ်ပါတယ်။” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

အဆိုပါ ထောက်ပံ့မှုများအား လာမည့်ဧပြီလ ၁၀ရက်နေ့မှစတင်ထောက်ပံ့ပေးမည်ဖြစ်သည်။

 

Show More

Related Articles

Back to top button