သတင်း

ဝိုင်းမော်တွင် ဆည်မြောင်းရေမလာသဖြင့် သောက်ရေတွင်းများလည်း ခမ်းခြောက်

ဆည်မြောင်းရေကို မှီခိုနေရသည့် ဝိုင်းမော်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် နွေရာသီရေခမ်းခြောက်လာဖြင့် သောက်သုံးရေပြတ်လတ်နေကြောင်း သိရသည်။

“ခါတိုင်းနှစ်က ဒီလောက်ထိကြာအောင်ရေမပြတ်ဘူး။ အလွန်ဆုံးကြာမှ တစ်လလောက် အဲဒါတောင်မှ ဆည်မြောင်းထဲမှာ ရေက လုံးဝ ခြောက်တဲ့ထိ မဟုတ်ဘူး။ ဒီဘက်က ရေတွင်းတွေကျတော့ ဆည်မြောင်းမှာ ရေနည်းနည်းလေးရှိနေတာနဲ့ုကို ရေတွင်းတွေမှာ ရေပါတယ်။ ဒီနှစ်ကကျတော့ လုံးဝကို ရေမရှိတဲ့ချိန်ကျတော့ ကျနော်တို့ နမ့်ဝါကျေးရွာအုပ်စုဆိုရင် အိမ်ခြေ ၆၀၀ကျော်မှာ ၃၀၀ လောက်က ရေတွင်းရေခြောက်ကုန်ပြီး” ဟု နမ့်ဝါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇတန်းလွမ်းခေါင်က ပြောသည်။

လက်ရှိ ရေတွင်းရေခမ်းခြောက်သည့်ပြသာနာကို နမ့်ဝါကျေးရွာအုပ်စုဝင် ကျေးရွာသုံးရွာတွင် ခံစားနေရပြီး ဝါရှောင်ဆည်၌ ဆည်မြောင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြသည့်အတွက် ဖြစ်သည်ဟု သိရသည်။

ဆည်မြောင်းရေမလာလျှင် ရေတွင်းများလည်း ခမ်းခြောက်လာကြောင်း ဒေသခံများ သိရသည်။

သို့သော်လည်း ဝူယန်ကျေးရွာအုပ်စုအတွင်းရှိ ရေတွင်းများကို လက်ရှိအနက်ထက် ၁၀ ပေခန့် ထပ်မံတူးပါက ရေရရှိကြောင်း ဝူယန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအလေးဖ ထံမှ သိရသည်။

လက်ရှိ ဆည်မြောင်းတွင် ရေမလွှဲပေးရခြင်းမှာ ဝါးရှောင်ဆည်မြောင်း ပြုပြင်နေသည့်အတွက်ဖြစ်ပြီး အမြန်ပြီးဆုံးအောင် ဆောင်ရွက်နေကြောင်း လယ်ဆည်ဝန်ကြီး ဦးကျော်ကျော်ဝင်းက ယခုလိုပြောသည်။

“ကျနောတို့အနေနဲ့လည်း အမြန်ဆုံးတော့ ဆောင်ရွက်တဲ့အနေထားမှာ ခုလည်းပြီးခါနီးရှိနေပါပြီ။ ဒီဧပြီလကုန်မှာ ပြီးအောင်လုပ်မှာဖြစ်ပါတယ်။ သောက်သုံးရေတွေလည်း မတ်လဆန်းပိုင်းမှာ အဆင်ပြေနိုင်မှာပါ။ အကြောင်းတစ်ခုခုကြောင့် မပြီးခဲ့ရင်တောင် လယ်သမားတွေ အတွက်ပျိုးထောင်ဖို့ ရေရှိအောင် လုပ်ပေးမှာပါ။ ဝါးရှောင်ဆည်ကြီးကလည်း လုပ်ငန်းကလည်း တော်တော်များတယ်။ ခုနောက်ဆုံး မြေထိန်းနံရံစီတဲ့ အပိုင်းလေးတော့ ကျန်နေသေးတယ်။ သဲနူန်းဆယ်တဲ့ပိုင်းတော့ ပြီးသလောက်ဖြစ်နေပြီ။ ခုဒီလုပ်ငန်းတွေလုပ်နေရတဲ့ချိန်မှာ အပေါ်ကရေတွေလည်း တားထားတယ်ဆိုတော့။ မိုးမကျခင် ပြီးအောင်လုပ်ရတဲ့တွက်ကြောင့် ပြည်သူတွေကို နားလည်ပေးဖို့ပြောချင်ပါတယ်။” ဟု လယ်ဆည်ဝန်ကြီး ဦးကျော်ကျော်ဝင်း ပြောသည်။

ဝိုင်းမော်မြို့နယ်တွင်းရှိ ကျေးရွာအချို့သည် အဝီစိရေတွင်းမရှိသဖြင့် ဆည်မြောင်းရေကိုသာမှီခိုနေကြသူများဖြစ်သည်။ လက်ရှိ သောက်သုံးရန်တူးထားသည့်ရေတွင်းများသည် အနက်ပေ ၃၀ခန့်သာရှိသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button