Covid-19 Reportingသတင်း

လူနာအမှတ်စဉ် ၆၃ ၏ စက်ရုံမှပြန်လာသူကို မြစ်ကြီးနား မန်ခိန် နေအိမ်တွင် Home Quarantine လုပ်ထား

Covid-19 လူနာအမှတ် ၆၃ ၏ စက်ရုံတွင်အလုပ်လုပ်ရာမှ ပြန်လာပြီး ယခု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် နေထိုင်သူအား Home Quarantine လုပ်ထားကြောင်း မန်ခိန်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ရန်ကုန်ကနေ မန်ခိန်ကို ရောက်တာတော့ ဧပြီ ၂ရက်နေ့ ရောက်တယ်လို့ပြောတယ်။ သူ့ပြောတာကတော့ အဲဒီလူနာအမှတ် ၆၃ နဲ့က ထိတွေ့မူ မရှိခဲ့ဘူး။ အဲဒါသူတို့စက်ရုံက သူတို့ကလုပ်သားတစ်ယောက်။ ဟိုက သူဌေးပေါ့ အဲလိုပြောတယ်။ ကျနော်တို့ဆီမှာတော့ ၁၀ရက်နေ့မှ အကြောင်းလာကြားတာဖြစ်တယ်။ သူကိုယ်တိုင်ကလည်း ဒီလူနာအမှတ် ၆၃နဲ့ ထိတွေ့ခဲ့တာမဟုတ်ဘူး။ ကျနော်တို့အနေနဲ့လည်း ပြန်သုံးသပ်ကြည့်တော့ သူဌေးနဲ့လုပ်သားဆိုတော့ လောလောဆယ်အခြေနေမှာ ထိတွေ့နိုင်မယ့်အခြေနေမရှိနိုင်ဘူး။ အဲကြောင့် ခုလောလောဆယ်တော့ Home Quarantine လုပ်ထားတာဖြစ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မန်ခိန် ကျေးလက်ကျန်းမာရေးဘက်ကနေ အဖျားတိုင်းတာတွေတော့ နေ့တိုင်းလိုလိုလုပ်နေပါတယ်။ ဒီနေ့ထိတော့ အေးဆေးပါဘဲ။” ဟု မန်ခိန်အုပ်ချုပ်ရေးမှူး ဦးလီဆီးဆိုက် ပြောသည်။

လူနာအမှတ် ၆၃ သည် မင်္ဂလာဒုံ အချိုရည်စက်ရုံတည်ထောင်ထားသူဟု သိရပြီး ယခုမန်ခိန်ရောက်ရှိနေသူသည် ယင်းစက်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်ဟု သိရသည်။

အဆိုပါ Home Quarantine ပြုလုပ်နေသူသည် ကျန်းမာရေးကောင်းမွန်နေသည့်အတွက် ဓါတ်ခွဲစမ်းသပ်ရန် အစီစဉ်မရှိသေးကြောင်းနှင့် တစ်စုံတစ်ရာထူးခြားမူရှိလာပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးသို့ အကြောင်းကြားကာ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း အုပ်ချုပ်ရေးမှူး ပြောသည်။

“ဧပြီလ ၂ရက်နေ့ ရောက်တာကို ဘာလို့ ၁၀ ရက်နေ့မှ အကြောင်းသွားကြားတာလဲမသိဘူး။ ရပ်ကွက်က လူတွေကတော့ ရောက်နေတာတစ်ပတ်လောက်ရှိနေပြီ ဆိုပြီးတော့ ပြောနေကြတယ်။ ဒီညတော့ ဒီရပ်ကွက်က လူတွေလည်း အားလုံးလန့်နေကြပြီ။ အဲကြောင့်မို့လားမသိ ဒီညတော့ Hand Speaker နဲ့လိုက်အော် အိမ်ထဲမှာနေဖို့ အပြင်မထွက်ဖို့လိုက်အော်နေကြပြီ” ဟု မန်ခိန်ဒေသခံတစ်ဦး ပြောသည်။

ထိုသူကို Home Quarantine ကာလပြည့်ပြီးသော်လည်း နောက်ထပ် ၇ ရက် ထပ်မံ စောင့်ကြည့်မည့်အကြောင်းလည်း သိရသည်။

လူနာအမှတ်စဉ် ၆၃ သည် အသက် ၆၅ နှစ်အရွယ် ယောကျားဖြစ်ပြီး လူနာအမှတ်စဉ် ၂၄ နှင့် ၂၆ တို့ဖြင့် ထိတွေ့ခဲ့သူဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီခွဲ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၇၄ ဦးရှိနေပြီ ဖြစ်သည်။

 

Show More

Related Articles

Back to top button