သတင်း

ဖားကန့် မြေစာပုံပြိုကျမှု လူ ၁၀ ဦးခန့် သေဆုံးနိုင်

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့ မနက် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် အေးမြသာယာရပ်ကွက် ဗလခကျေးရွာအနီး ပိုင်ဖြိုးသီဟ အမည်ရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွင် မြေစာပုံပြိုကျလာပြီး ရေမဆေးသမားများ ၁၀ဦးခန့် ပါသွားသည်ဟု ဖားကန့်ဒေသခံ ဦးနောင်လတ်က KNG သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“အခုမြေစာပုံပြိုကျတဲ့ နေရာက အနီးတဝိုက်ရှိတဲ့ ကုမ္ပဏီတွေ စွန်ပစ်နေတဲ့ မြေစာပုံကြီးဖြစ်တယ်။ အဲ့တော့ မနက် ၄နာရီအချိန်မှာက ရေမဆေးသမားတွေ ကျောက်ဝင်ရှာနေတော့ အဲ့မြေစာပုံက ပြိုကျသွားတာဖြစ်တယ်။” ဟု ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များမှ အလောင်ရှာဖွေရေး ဆက်လက်ဆောင်ရွက်နေပြီး လက်ရှိတွင် သေဆုံးသူတစ်ဦး၏ အလောင်းရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သူကဆက်လက်ပြောသည်။

တွေ့ရှိထားသည့် သေဆုံးသူတစ်ဦးမှာ အသက် ၂၂ အရွယ်ခန့်ရှိပြီး လက်ရှိ ဖားကန့် မှော်မော်လယန်တွင်နေထိုင်ပြီး နေရပ်ဇာတိမှာ မိုးကောင်းမြို့ကျွန်းတောရပ်ကွက်မှ ဖြစ်သည်ဟု သိရသည်။

လက်ရှိပြိုကျသွားသည့် မြေစာပုံမှာ မြန်မာသူရ၊ ယူနတီနှင့် ပိုင်ဖြိုးသီဟ စသော ကျောက်စိမ်း တူးဖော်သည့် ကုမ္ပဏီများ၏ စုပေါင်းစွန့်ပစ် မြေစာပုံကြီး ဖြစ်ပြီး ပေ ၁၅၀ ခန့်နက်တွင်း ဖြစ်ကြောင်း ဦးနောင်လတ် ထံမှ သိရသည်။

 

Show More

Related Articles

Back to top button