Covid-19 Reportingသတင်း

တရုတ်နိုင်ငံမှ ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဟု လဝက ဝန်ကြီးပြော

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

လူမူကွန်ယက်စာမျက်တွင်ပျံနှံ့နေသော တရုတ်နိုင်ငံမှဝင်ရောက်လာမည့် ပြည်တော်ပြန် ၁၈၀၀၀ သာ လက်ခံမည်ဆိုသည့်သတင်းသည် မမှန်ကြောင်း ပြောသည်။

“အားလုံးက ကိုယ့်နိုင်ငံသားတွေမို့ လက်ခံရမှာဘဲ။ တစ်ချို့ကထင်တာတော့ လူဦးရေ ၁သောင်းကျော် ၂သောင်း တရုတ်ပြည်က မောင်းထုတ်တယ်ဆိုတာတော့ ကျနော်တို့လေ့လာသလောက်တော့ ဟိုဘက်စီချွှမ်းမှာ အလုပ်လုပ်နေတဲ့ ကြံလုပ်သားတွေရှိတယ်။ ဆေးလိပ်ကုမ္မဏီမှာလုပ်တဲ့သူတွေလည်း ရှိတယ်။ သူတို့ကဟိုဘက်မှာ ရာသီကုန်လို့ ပြန်လာတာဖြစ်တယ်။ ဟိုဘက်နဲ့ဒီဘက်က ဒီCovid-19 ထိန်းချုပ်ရေးကော်မတီတွေကမေးတဲ့ခါမှာ အကယ် ဒီကလူတွေပြန်သွားပြီးမြန်မာပြည်ဘက်က ဒေတာတွေရမ်းကြီးခုန်တက်သွားတာမျိုးဖြစ်ရင် မပြန်ချင်တဲ့သူကို သူတို့ဘက်ကအလုပ်ရှာပေးဖို့ပြောတာတွေရ်ှိပါတယ်။ ဒါပေမယ့် ရာသီကုန်တဲ့ချိန်လည်းဖြစ်နေတော့ အိမ်ပြန်ကြတဲ့သဘောပါ။ လူဦးရေက ၁သောင်းဖြစ်မလား ၂သောင်းဖြစ်မလား စာရင်းပိတ်တဲ့ချိန်မှ တိတိကျကျ သိရမှာဖြစ်ပါတယ်။” ဟု လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာတဲ့သူအားလုံးကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း Quarantine နှင့်ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်တော်ပြန်များအတွက် Quarantine နေရာပြင်ဆင်နေသည့်အတွက် လွယ်ဂျယ်ဂိတ်အား လွန်ခဲ့သည့် ရက်သတ္တပတ်တွင်း ပိတ်ထားခဲ့ခြင်းဖြစ်သော်လည်း ဧပြီလ ၁၆ရက်နေ့မှ ပြန်လည် ဖွင့်ကာ လက်ခံနေပြီဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

“Covid-19 ပတ်သက်ပြီး အရင်ကတော့ Quarantine ၁၄ရက်ဖြစ်တယ်။ ဒါပေမယ့်ခုက ၂၁ရက်ဖြစ်သွားပြီ။ ခုပြန်ရောက်တဲ့သူအားလုံး အစိုးရ သတ်မှတ်ထားတဲ့နေရာမှာ Qက ၂၁ရက်နေရမှာဖြစ်ပြီးတော့ မိမိအိမ်ပြန်ရောက်တဲ့ချိန်လည်း Home Qတစ်ပတ်ထပ်နေရပါမယ်။ အဲတော့ Qရက်က စုစုပေါင်း ၂၈ရက်ရှိမှာဖြစ်တယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်များမှပြည်တော်ပြန်များကိုတော့ သူ့မြို့နယ်နဲ့သူသက်ဆိုင်ရာ မြို့နယ်အသီးသီးကနေ ကားတွေနဲ့ပို့ဆောင်ပေးပြီဖြစ်တယ် ပြီးတော့ သတ်မှတ်ထားတဲ့ Q Center များမှာ စောင့်ကြည့်စစ်ဆေးခံယူရမှာဖြစ်တယ်။” ဟု လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းဆိုသည်။

ဧပြီလ ၁၆ရက်နေ့မှ ဧပြီ ၂၀ရက်နေ့ထိ လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်သူစုစုပေါင်း ၁၂၄၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button