Covid-19 Reportingသတင်း

Covid-19 ကာလ ဖားကန့် ရေမဆေးသမား လူအုပ်ကို ထိန်းချုပ်ရန်ခက်ခဲနေ

ဖားကန့်တွင် ရေမဆေးသမားများကို Covid-19 ကာလထိန်းချုပ်ရန် ခက်ခဲမှုရှိနေကြောင်း ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးမှ သိရသည်။

“ရေမဆေးတွေနဲ့ ပတ်သက်ပြီး ဘယ်သူမှလည်းမကိုင်တွယ်နိုင်ဘူး။ ထောင်သောင်းနဲ့ သိန်းချီလုပ်ကိုင်နေကြတာ သူတို့ကိုသွားပြောလည်း ဂရုစိုက်လာမှာမဟုတ်ဘူး။ ကုမ္မဏီတွေကျတော့ Lock Down ချထားတာကြာပြီ။ ကုမ္မဏီတွေက သူတို့ထဲကိုအပြင်လူ အဝင်မခံဘူး။ ပြီးတော့ ကုမ္မဏီကနေ နေ့စဉ်သူတို့ စားသောက်ဖို့တွက် ဈေးဝယ်တဲ့လူနဲ့ကားမောင်းတဲ့လူကလွှဲရင် အပြင်ထွက်ခွင့်မပြုဘူး။ အပြင်ထွက်တဲ့အလုပ်သမားတွေကိုလည်း အရေးယူမယ်ဆိုပြီး ထုတ်ပြန်ထားတာတွေရှိတယ်။ အဓိက မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေတာက ကျနော်တို့လည်းနားလည်ပါတယ်။ ဒီမှာကလည်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့အနေထားမျိုးကြောင့် ကျနော်တို့ကဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကို ကိုင်တွယ်လို့မရဘူးဆိုတာလည်း သိတယ်။ သူတို့သဘောသဘာဝကိုလည်း နားလည်တယ်။ ဒါကြောင့်မို့ အဲလူအုပ်ထဲကို Covid-19 မရောက်လာဖို့အတွက် ကျနော်တို့တတ်စွမ်းသမျှ ဆောင်ရွက်နေတာဖြစ်ပါတယ်။” ဟု ပြောသည်။

နိုင်ငံအတွင်း Covid-9ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့တွက် ခွင့်ပြုထားတဲ့ကိစ္စရပ်များမှအပ လူ ၅ဦးထက် စုဝေးခြင်းမပြုလုပ်ရန် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ဧပြီလ ၁၅ရက်နေ့တွင်ထုတ်ပြန်ထားသော်လည်း ရေမဆေး ၁သိန်းကျော်ခန့်ရှိသည့် ဖားကန့်ဒေသတွင် အဆိုထုတ်ပြန်ချက်သည် ထိရောက်မူမရှိကြောင်း ဖားကန့်ဒေသခံတစ်ဦးက ခုလိုပြောသည်။

“ကျနော်တို့ဒေသခံတွေကတော့ အုပ်ချုပ်ရေးဆိုဒ်က ထုတ်ပြန်ထားတဲ့အတိုင်း ည ၈နာရီလောက်ဆို အပြင်မထွက်ကြတော့ဘူး။ ခုဖြစ်နေတာက ရေမဆေးရှာတဲ့သူတွေကို ထိန်းမရတဲ့အနေထားမှာရှိနေတယ်။ ကျနော်တို့ဒေသမှာက ဖြစ်သွားရင် မကောင်းဘူး။ ဒါကြောင့်မို့ ဒီကုမ္မဏီတွေကိုလည်း ပိတ်စေချင်တယ်။ ကုမ္မဏီကလုပ်တော့ ရေမဆေးတွေကလည်း မနေနိုင် မထိုင်နိုင်အုံကြွလာတဲ့ချိန်ကျတော့ ဖြစ်နိုင်ရင် ဒီရောဂါဖြစ်နေစဉ်တွင်းမှာတော့ ခေတ္တခန ရပ်နားထားခိုင်းစေ ချင်တယ်။” ဖားကန့် ဒေသခံ ဦးဇော်နန်က ယခုလိုပြောသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်မဟုတ်သည့်တွက် ပြည်ထောင်စုမှ ညွှန်ကြားချက်တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသရွှေ့ ကျောက်မျက်တူးဖော်သည့်ကုမ္မဏီများအား ပိတ်ရန် အစီစဉ်မရှိကြောင်း ကချင်ပြည်နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းကလည်း ပြောဆိုသည်။

“ကျနော့်အနေနဲ့ပြောချင်တာကတော့ ကိုယ့်ဒေသကိုတတ်စွမ်းသမျှကာကွယ်ပေးနေတယ်။ ခုနပြောတဲ့ရေမဆေး ညီကိုမောင်နှမတွေလည်း။ ဒါကို တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်ပေးစေချင်တယ်။ တစ်ချို့ပြောတယ် ကုမ္မဏီတွေမပိတ်ပေးဘူး။ ကုမ္မဏီကတော့ ပိတ်စရာမလိုတော့ဘူး။ ခုတောင်မိုးကျနေပြီ မိုးရွာလို့ရှိရင် သူတို့အလုပ်လုပ်လို့ရမှာ မဟုတ်တော့ဘူး။ ကျနော်တို့ပိတ်စရာမလိုဘူး။ ကုမ္မဏီကသူ့အလိုလို ပိတ်သွားလိမ့်မယ်။ ပြီးတော့ဒီလိုပိတ်မယ့် ကိစ္စတွေမှာလည်း ကျနောတို့ပြည်နယ်အစိုးရအဆင့်နဲ့လည်းမရဘူး ပြည်ထောင်စုကနေတိုက်ရိုက်လုပ်ထားတာဖြစ်တယ်။” ဟုပြောသည်။

ဖားကန့်မြို့တွင် ဒေသန္တရလိုအပ်ချက်အရ ဧပြီ၁၁ရက်နေ့မှစကာ လူအဝင်အထွက်ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဧပြီ ၂၅ရက်နေ့မှစကာ ဖားကန့်သို့ဝင်ရောက်လာသည့်မည်သူမဆို ၂၁ရက် Q ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button