ဧပြီလအတွင်းငြိမ်းချမ်းရေးစောင့်ကြည့်မှုမှတ်တမ်း
ဧပြီလအတွင်း မြန်မာ့တပ်မတော်နှင့် NCA တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများရှိခဲ့သလို စစ်ပြေးဒုက္ခသည် အသစ်ထပ်တိုးလာကြောင်း BNI – Myanmar Peace Monitor ၏ ငြိမ်းချမ်းရေးဆိုင်ရာသတင်းစောင့်ကြည့်မှုမှတ်တမ်းအရ သိရသည်။
NCA အပစ်ရပ်လက်မှတ် ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်ပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့နှင့် မြန်မာ့စစ်တပ်ကြား တိုက်ပွဲတစ်ရက်စီဖြစ်ပွားခဲ့ပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA)တို့ဖြင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ရက္ခိုင်တပ်မတော် AA ဖြင့်မူ တစ်လအတွင်း တိုက်ပွဲ အများဆုံး ဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှုများ ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများနှင့် ဗုံးပေါက်ကွဲမှုများကြောင့် တစ်လအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အရပ်သား ၄၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၂ ဦးထိရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတစ်မြို့နယ်တည်းတွင် တပ်မတော်၏ ဖမ်းဆီးခြင်းခံရသူ ၃၈ ဦး ရှိကြောင်း ရေးသားထားသည်။
“ပြီးခဲ့တဲ့ လတွေနဲ့ယှဉ်ရင် တိုက်ပွဲဖြစ်ပွားတဲ့ ရက်တွေလျော့ကျသွားတယ်လို့ ဆိုနိုင်ပေမယ့် လက်သည်မပေါ်တဲ့ ပစ်ခတ်မှုတွေ၊ လက်နက်ကြီးကျည်ကျရောက်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေကြောင့် လူသေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်တွေ ပိုများလာတာ တွေ့ရတယ်” ဟု Myanmar Peace Monitor မှ Researcher ကို နှင်းကိုဦး က ပြောသည်။
ဧပြီလ တစ်လအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် လူဦးရေ ၃၀၀၀ ထိရှိလာပြီး ချင်းပြည်နယ် ပလတ်ဝမြို့နယ်တွင် လူဦးရေ ၆၅၀ ရှိကာ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် ၁၅၀ ဦး ရှိနေကြောင်း ဖော်ပြထားသည်။
“မတ်လမှာ AA ကို အကြမ်းဖက်အဖြစ်ကြေညာလိုက်တဲ့နောက်က စပြီး စစ်ရှိန်ကပိုပြီးမြင့်တက်လာတယ်။ တပ်မတော်က AA ကိုထိုးစစ်ဆင်တဲ့ခါ ခါတိုင်းထက် စစ်ရှိန်ပိုမြင့်လိုက်တယ်။ ဘာလို့လဲဆို ပလက်ဝတွေ ဘက် ဆိုရင် အပေါ်ကလေယာဉ်တွေနဲ့ ပစ်ချတာတွေရှိတယ်။ ဒါတွေဟာဆိုလို့ရှိရင် AA တွေရဲ့ တပ်သားတွေကိုထိတယ် မထိဘူးဆိုတာထက် အရပ်သားတွေကို သေစေခဲ့တာ၊ ထိခိုက်ဒဏ်ရာ ရစေတာက မှတ်တမ်းတွေအရသက်သေ ဖြစ်နေတာ’’ ဟု ၎င်းက ဆက်ပြောသည်။
Covid-19 ကူးစက်မြန်ကပ်ရောဂါကိုကာကွယ်တိုက်ဖျက်နေချိန်အတွင်း ကမ္ဘာတလွှား စစ်ပွဲများရပ်တန့်ရေး ကုလသမဂ္ဂ UN အဖွဲ့က တိုက်တွန်းခဲ့သော်လည်း မြန်မာပြည်တွင် ပြည်တွင်းစစ်ပွဲများသည် ရပ်တန့်သွားခြင်းမရှိဘဲ ပုံမှန်ဖြစ်နေဆဲသည်။
BNI Myanmar Peace Monitor သည် Burma News International BNI ၏ ငြိမ်းချမ်းရေးဆိုင်ရာ စောင့်ကြည့်မှုကဏ္ဍတစ်ခုဖြစ်သည်။
BNI ကို တိုင်းရင်းမီဒီယာ ၁၆ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည်။