Covid-19 Reportingသတင်း

အစိုးရ Covid-19 ကာကွယ်တားဆီးရေးကော်မတီသို့ KIO က စာရရှိကြောင်းသာ အကြောင်းပြန်၊ လုပ်ငန်းပိုင်းဆိုင်ရာမပါသေးဟုဆို

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ နယ်မြေတွင် Covid-19 ကာကွယ်တားဆီးရေးညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့်ပတ်သက်ပြီး အစိုးရ၏အကြောင်းကြားစာကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စာရရှိကြောင်းသာ အကြောင်းပြန်ခဲ့ပြီး လုပ်ငန်းပူးပေါင်းရေးဆိုင်ရာ အကြောင်းအရာများ မပါရှိသေးကြောင်း KIO အဖွဲ့က ပြောသည်။

ရုံးပိုင်းဆိုင်ရာအရ စာရရှိကြောင်းသာ အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု KIO ၏ ကျန်းမာရေးတာဝန်ခံ နှင့် Covid-19 ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ် က ယခုလို ပြောသည်။

“အားလုံးကိုအကြောင်းကြားတဲ့စာဖြစ်တဲ့အတွက် စာရရှိကြောင်း အကြောင်းကြားလိုက်တာဖြစ်တယ်။ လုပ်ငန်းပိုင်းဆိုင်ရာအသေးစိတ်အခြေအနေတော့ မပါဘူး။ ကျနောတို့ဘက်လည်း ကိုယ်တိုင် ဗဟိုဌာနချုပ် ညွန်ကြားချက်အတိုင်း ရောဂါတိုက်ဖျက်ရေးလုပ်နေတယ်။” ဟု ပြောသည်။

နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတစ်ခုကို အစိုးရမှ ဧပြီ ၂၇ တွင်ဖွဲ့စည်းကာ ဧပြီ ၂၈ ရက်နေ့တွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ အကြောင်းကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အစိုးရ၏ Covid-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ကြား မေလ ၅ ရက်တွင် ရန်ကုန်မြို့အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် အလွတ်သဘောတွေ့ဆုံခဲ့သည်ဟု သိရသည်။

သို့သော်လည်း NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှလည်း အစိုးရထံ ထွေထွေထူးထူးအကြောင်းပြန်ထားခြင်းမရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင် ဂွမ်ဂျာက ပြောသည်။

“တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ထွေထွေထူးထူး အကြောင်းမပြန်သေးဘူး။ ပြီးတော့ ဒါကလည်း ဆွေးနွေးဖို့ ဆိုပြီး ဖိတ်ခေါ်တာမဟုတ်ဘူးလေ။ ဖြစ်လာရင် ဘယ်လိုညှိနှိုင်းဖြေရှင်းမလဲဆိုတဲ့ဟာနဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပညာပေးပိုစတာတွေ ပို့ပေးတာပဲ ရှိတယ်။” ဟု သူက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ၎င်း၏ ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်းများကို အဝင်အထွက်ကန့်သတ်ခြင်း၊ ထိန်းချုပ်နယ်မြေအတွင်းသို့ အသစ်ဝင်လာသူများကို Quarantine စခန်းဖွင့်ကာထားရှိခြင်း စသည့် ကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြုလုပ်နေကြောင်း ၎င်း၏ထုတ်ပြန်ချက်များအရ သိရသည်။

“ကျနောတို့က ရောဂါကာကွယ်ရေး ဆေးရုံဆောက်တယ်။ Quarantine စခန်းလုပ်တယ်။ စစ်ဆေးရေးဂိတ်လုပ်တယ်။ ကုသဖို့ ICU ပြင်ဆင်တယ် စသဖြင့် အစအဆုံးပြုလုပ်နေပါတယ်။” ဟု ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

ထို့အပြင် လွန်ခဲ့သည့် ဧပြီလဆန်းက ဌာနချုပ်နယ်မြေအတွင်း စောင့်ကြည့်လူနာတစ်ဦးထွက်ပေါ်လာချိန် ၎င်း၏ဆေးစစ်ချက်ကို တရုတ်နိုင်ငံသို့ပို့ကာ အဖြေရယူခဲ့သည်ဟု သိရသည်။

အစိုးရ၏ ထုတ်ပြန်ချက်တွင် “တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေတွင် Covid-19 ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ရန် ပေါ်ပေါက်လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ လမ်းညွန်ချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ရန်” ဟူသည့် အကြောင်းပါရှိသောကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထိန်းချုပ်ရာဒေသ ၎င်းတို့၏ လုပ်ငန်းစဉ်များအပေါ် အစိုးရမှ တစ်ဖက်သတ် လွမ်းမိုးမည်ကို စိုးရိမ်မှုများရှိနေကြသည်။

အစိုးရဖွဲ့စည်းလိုက်သော အဆိုပါအဖွဲ့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုဥက္ကဌ ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ဦးဆောင်သည်ဟု သိရသည်။

 

 

Show More

Related Articles

Back to top button