သတင်း

တပ်မတော်၏ ၃ လကျော် အပစ်ခတ်ရပ်စဲရေးကြေငြာချက်အပေါ် ကချင်လူထု၏အမြင်

တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံးမှ ထုတ်ပြန်သည့် သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေငြာချက်တွင် ‘အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ’ ဟု ပါရှိသဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခံထားရသော ရခိုင်တပ်မတော် AA တည်ရှိရာနေရာများတွင် ပါဝင်ခြင်းမရှိသည်ဟု တွေ့ရသည်။

ရခိုင်တပ်မတော် AA သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာနှင့် ရှမ်းမြောက်နေရာအချို့တွင်လည်း လှုပ်ရှားနေသည်ဟု သိရသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကချင်လူထု၏ အမြင်ကို ကချင်သတင်းဌာန KNG က စုစည်းတင်ပြထားသည်။

လမုန်ခေါန်နန်
Kachin Women Union

“အရမ်းကြီး ယုံကြည်စိတ်ချရတဲ့အရာတော့မဟုတ်ဘူး။ အဲ့ဒါကြောင့် ၃ လ အပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုတာ က သူတို့တပ်မတော်တွေရဲ့ Covid-19 တိုက်ဖျက်ရေးမှာ ပါဝင်ပါတယ် ထောက်ခံပါတယ် တုံ့ပြန်ပါတယ်ဆိုတဲ့ သဘောနဲ့ ကမ္ဘာသိအောင် ထုတ်ပြန်လိုက်ရုံသက်သက်ဘဲ။ ဒါကြောင့် ၃ လ အပစ်အခတ် ရပ်စဲပေမယ့် အကြမ်းဖက် သောင်းကျန်းသူတွေလို့ သတ်မှတ်ထားသူတွေအပေါ်မှာ သူတို့ ခွင့်လွတ်ခြင်းတရား မရှိဘူး။”

သိက္ခာတော်ရ ဆရာတော် ခလမ်ဆမ်ဆွန်
ဥက္ကဌ ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC

“ဒီ AA တွေဘက်ကို ပစ်ခတ်တိုက်ခိုက်ဖို့ ဖွင့်ထားပြီး ကျန်တဲ့ဘက်မှာက ပိတ်တယ်ဆိုတာက ငြိမ်းချမ်းရေးကို တကယ်လိုလာပြီး ပြုလုပ်ခြင်းမဟုတ်ဘူးလို့ သူတို့ရဲ့အခြေအနေကိုလိုက်ပြီး ပြောနိုင်တယ်။ ဒါကြောင့် ကျွန်တော်ကနေပြီး အခုကမ္ဘာမှာဖြစ်နေတဲ့ Covid-19 ရောဂါက လူမျိုး ဘာသာမရွေးကူးစက်နေတဲ့ချိန်မှာ ဒါကိုအားလုံး ဝိုင်းဝန်းတိုက်ထုတ်မဲ့အစား အခုလိုထိုးစစ်ဆင်ပြီး တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်လိုချင်နေတဲ့ ငြိမ်းချမ်းရေးက ဘာလဲ။ အမှန်တကယ်ဒီဟာကို သိပြီးလို့လား ၊ မသိလို့လား ဆိုတဲ့ မေးခွန်းမေးစရာတွေ များလာတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ဒီနေ့ထိ အခြေအနေကိုကြည်မယ်ဆိုရင် စစ်တပ်တွေရဲ့ စစ်အာနာရှင်စနစ်က တစ်ဆက်ပြီးတစ်ဆက် ဖြစ်လာတော့မဲ့ အဆင့်ဖြစ်လာတယ် လို့ ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောချင်တယ်။”

ဒေါက်တာမနမ်တူးဂျာ
ဥက္ကဌ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ

“ဘယ်သူ့ကိုမှ ဘယ်နေရာမှ မကျန်ဘဲ အားလုံးကို ပစ်ခတ်ရပ်စဲနိုင်အောင် လုပ်တာက ပိုပြီး အကောင်းဆုံးဖြစ်လိမ့်မယ်။ သူတို့ပြောသလို Covid-19 ကို ဝိုင်းဝန်းတိုက်ခိုက်တာလည်း ပိုထိရောက်မယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဦးတည်ဘက်လည်း ပိုကောင်းမွန်မယ်။ ဒါကို တစ်ဝက်တစ်ပြတ်နဲ့ သုံးဖွဲ့ကျန်ထားမယ်ဆိုရင် လိုအပ်ချက်ရှိနေတယ် မပြည့်စုံဘူးလို့ မြင်ရတယ်။”

ဦးလမိုင်ဂွမ်ဂျာ
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG

“အခုမှ သုံးလ အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ပေမဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်သောင်းကျန်းသူတွေလို့ သတ်မှတ်ခံထားရသူတွေ မပါဘူးဖြစ်နေတယ်။ ခုလိုမျိုး အကြမ်းဖက်သောင်းကျန်းသူလို့ သတ်မှတ်ထားတဲ့ AA တွေ မပါဘဲ ဆက်လက်သွားနေမယ်ဆိုရင် ငြိမ်းချမ်းရေးခရီးက ကြာနေဦးမှာပဲ။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အစိုးရတပ်မတော်ဘက်က အားလုံးကို အပစ်အခတ် ရပ်စဲရေးထုတ်ပြန်ပြီး ပြန်ညှိနှိုင်းယူမယ်ဆိုရင်တော့ ရှေ့ဆက်ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ပိုပြီးအဆင်ပြေ ဖြစ်မြောက်လာနိုင်မှာဖြစ်တယ်လို့ ပြောချင်ပါတယ်”

 

Show More

Related Articles

Back to top button