သတင်း

အွန်လိုင်းပညာရေးစနစ်အတွက် ကချင်ပြည်နယ်တွင် အင်တာနက်မရနိုင်သည့် မြို့နယ် ၇ ခုရှိ

ကချင်ပြည်နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် စနစ်သစ် သင်ရိုးညွှန်းတမ်းကို အွန်လိုင်းစနစ်ဖြင့် သင်ကြားမည်ဆိုပါက အင်တာနက်မရနိုင်သည့် မြို့နယ် ၇ ခု ရှိသည်ဟု သိရသည်။

အွန်လိုင်းစနစ်သင်ကြားနိုင်ရန်အတွက် အခြေခံပညာရေးဦးစီးဌာန(နေပြည်တော်)မှ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဆရာ၊ဆရာမများအား မေလ ၁၁ရက်နေ့မှစတင်ကာ စမ်းသပ်သင်ကြားနေပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ် ဒုညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းဦး ပြောသည်။

“ခုလောလောဆယ်တော့ ဆရာမခြောက်ယောက်ကို အရင်ဆက်သွယ်ပြီးမှ လုပ်ကြည့်မှာပေါ့။ ဒီဆရာမခြောက်ယောက် အဆင်ပြေတယ်ဆိုရင်တော့ ဆရာမတွေအားလုံးက မှတ်ပုံတင်ရမယ်။ ခုလောလောဆယ်တော့ ၂ရက်ဆက်တိုက် စမ်းသပ်နေပြီဖြစ်တယ်။ မနေ့ကထက်ဆိုရင် ဒီနေ့တော့ အဆင်ပြေတယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာ တစ်ကယ်တမ်း ဒီစနစ်သစ် သင်ရိုးညွှန်းတမ်းကို သင်ကြားမယ်ဆိုရင် အင်တာနက်မရတဲ့နေရာတွေက ဆရာ၊မတွေအတွက် ခက်ခဲတွေရှိမယ်။” ဟု ဒုညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းဦးက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် အင်တာနက်မရသေးသောမြို့နယ် ၇ ခုမှာ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်ယန်၊ ခေါင်လန်ဖူး၊ နောင်မွန်းနှင့် ဆွမ်ပရာဘွမ် စသည့်တို့ဖြစ်သည်။

“ကျောင်းသားတွေနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာညွှန်ကြားတာ မရှိသေးပါဘူး။ ဆရာ၊ ဆရာမတွေအတွက်က စနစ်သစ် သင်ကြားမယ့် Grade 4, Grade 7, Grade 10 အဲစနစ်အတွက် ကျောင်းသားတွေကိုင်မယ့် စာအုပ်ပို့လိုက်ပြီ။ နောက်ပြီးတော့ ဆရာကိုင်အတွက် သင်ကြားရေးလမ်းညွှန်ချက် လက်စွဲစာအုပ်တွေပို့လိုက်ပြီ။ အဲဒါတွေက ခုဆရာမတွေလက်ထဲ ရောက်နေပြီဖြစ်တယ်။ အဲစာကို ဆရာမတွေ လေ့လာရမယ် သိချင်တာရှိရင် အွန်လိုင်းကနေမေးပေါ့။” ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းဦး ဆိုသည်။

အဆိုပါ စနစ်သစ် သင်ရိုးညွှန်းတမ်းကို အွန်လိုင်းမှ သင်ကြားရာတွင် အပလီကေးရှင်း များအသုံးပြုရမည်ဖြစ်သဖြင့် အသက်ရွယ်ကြီးသော ဆရာ၊ဆရာမများအတွက် ခက်ခဲမှု ရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။

လက်ရှိတွင် အဆိုပါသင်ရိုးညွန်းတမ်းကို မူလတန်းပြ ၂ဦး၊ အလယ်တန်းပြ ၂ဦး၊ အထက်တန်းပြ ၂ဦး စုစုပေါင်း ၆ဦးဖြင့် စတင်စမ်းသပ်နေပြီ ဖြစ်သည်။

စနစ်သစ် သင်ရိုးညွှန်းတမ်းသစ်ပို့ချရန်နှင့် ပတ်သက်ပြီး နောက်ဆက်တွဲလုပ်ဆောင်ရမည့် အစီစဉ်များအား တိတိကျကျညွှန်ကြားချက်မရှိသေးသည့်အပြင် အခြေခံစာ သင်ကျောင်းများဖွင့်လှစ်မည့်ကိစ္စများနှင့် ပတ်သက်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာမရှိသေးကြောင်း ဆက်လက်ပြောဆိုသည်။

ကမ္ဘာတစ်ဝှမ်း ကူးစက်မှုနှုန်းမြင့်မားနေသည့် ကိုရိုနာဗိုင်းရပ်ကြောင့် မေလ ၁၅ရက်နေ့ထိ လူစုလူဝေးမပြုလုပ်ရန် အစိုးရမှ ထုတ်ပြန်ထားသည့်အတွက် ယခုနှစ် အခြေခံပညာရေး စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်မည့်အချိန် ယခုချိန်ထိ အတိကျမသိရသေးပါ။

 

Show More

Related Articles

Back to top button