သတင်း

မြစ်ကြီးနားမြို့ရှိ ဈေးကြီးများကို ပြန်လည်ဖွင့်လှစ်တော့မည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာရေး ဈေး(၁) နှင့် ဈေး(၂) ကို မေလ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

Covid-19 ကြောင့် လူစုလူဝေးရှောင်ရှာရန် တစ်လကျော်ကြာ ပိတ်ထားခဲ့ရသော ဈေး(၁) နှင့် ဈေး(၂) ကို ဈေးကော်မတီများ၏ တောင်းဆိုမှုအရ မေလ ၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ပြည်နယ်အစိုးရဘက်က နှုတ်မိန့်ဖြင့် ခွင့်ပြုလိုက်ပြီဟု ဈေးကော်မတီ ဥက္ကဌ ဦးတင်ထွန်းက ပြောသည်။

“ဈေးပိတ်ထားတာလည်းကြာပြီဆိုတော့ အားလုံးကလည်းစားဝတ်နေရေးတွေခက်ခဲလာကြတယ်။ ဈေးကမဖွင့်လို့မရတဲ့အခြေနေမှာရှိနေတာမို့ ဈေးသူဈေးသား ဈေးကော်မတီတွေရဲ့ သဘောထားကိုယူပြီးတော့ ဈေးဖွင့်ဖို့တွက် ပြည်နယ်အစိုးရကို အကူညီတောင်းခဲ့ပါတယ်။ မနေ့ကတော့ လာစစ်တယ် ကျန်းမာရေးနဲ့ညီညွှတ်အောင်ဆောင်ရွက်ထားခြင်း ရှိမရှိလာစစ်တော့ အဆင်မပြေသေးဘူးဆိုတာနဲ့ ကျနော်တို့အားလုံးက ဈေးဖွင့်ချင်စိတ်နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်ထားတယ်။ ဒီနေ့တော့ ထပ်ပြီးလာစစ်တယ်။ အဆင်ပြေပြီဆိုတော့ မနက်ဖြန်ဖွင့်ဖို့တွက် နူတ်မိန့်နဲ့ ခွင့်ပြုသွားခဲ့ပြီဖြစ်တယ်။ အဲဒါကြောင့် နက်ဖြန်ကစပြီး ဈေးတွေကို ပြန်ဖွင့်တော့မှာဖြစ်တယ်” ဟု ဈေး(၂) ဈေးကော်မတီ ဥက္ကဌ ဦးတင်ထွန်းက ပြောသည်။

ဈေးများအား ပြန်လည်ဖွင့်လှစ်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ပြီး ဈေးရောင်းသူများအနေဖြင့် နှာခေါင်းစည်းများတပ်ရမည်ဖြစ်ပြီး ထိုသို့မလိုက်နာသူများကို ပထမအကြိမ် ဈေးရောင်းခွင့် ၃ရက်ပိတ်မည်ဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံကျူးလွန်ပါက ဈေးရောင်းချခွင့် ၅ရက် စသည့် အသီးသီးသော ပြစ်ဒဏ်များကို ချမှတ်မည်ဟု ၎င်းက ပြောသည်။

“နှာခေါင်းစည်မတပ်ထားတဲ့သူက ဝင်ခွင့်မရှိပါဘူး။ ဈေးဝင်ပေါက်ကို ပင်မဈေးအပေါက်ကြီးဘဲ ဖွင့်ထားမှာဖြစ်တယ်။ ဈေးအဝင်ပေါက်မှာ အဖျားတိုင်းတွေလုပ်မယ်။ လက်ဆေးကန်တွေလုပ်ထားပေးပါတယ်။ အားလုံးသတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာဖို့ ပြောချင်ပါတယ်။” ဟု ပြောသည်။

ဈေးဆိုင်ကို သတ်မှတ်ထားသည့်ဧရိယာအတွင်းသာ ရောင်းခွင့်ရှိမည်ဖြစ်ပြီး ဆိုင်ခန်းအပြင်ဘက်ထိ ခင်းရောင်းခြင်း မပြုလုပ်ရန်နှင့် တစ်ဦးနဲ့တစ်ဦး ၆ပေအကွာရောင်းချရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

ဈေးပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်နေစဉ်အတွင်း ဈေးတွင်းဈေးသည်များ၏ စားပွဲများ၊ သစ်သားခုံများအား စည်ပင်မှ သိမ်းယူသွားသည့်တွက် လူမူကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများစွာ ရှိခဲ့သည်။

ကွင်းဆင်း စစ်ဆေးဆောင်ရွက်နေစဉ်အတွင်း ညွန်ကြားထားသည့် စည်းကမ်းချက်များအား လိုက်နာသည့် ဈေးသည်များရှိသကဲ့သို့ လိုက်နာခြင်းမရှိသည့် ဈေးသည်များလည်း ရှိနေသည့်အတွက် မေလ ၂၁ရက်နေ့ ကွင်းဆင်းစစ်ဆေးချိန် သတ်မှတ်ထားသည့် ဈေးဆိုင်ဧရိယာထက်ကျော်လွန်နေသည့် နေရာများတွင် ရှိနေသည့် စားပွဲ၊ သစ်သားခုံများ သိမ်းခြင်းနဲ့ပတ်သက်ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ယခုလိုပြောသည်။

“ဒီ ဈေးတွေကိုတော့ ကျနော်တု့ိစည်ပင်ကနေပိတ်ထားတာမဟုတ်ပါဘူး။ အစားသောက်ရောင်းတဲ့ ဈေးဆိုင်မှအပ အဝတ်အထည်ရောင်းချတဲ့ဈေးဆိုင်တွေ ပိတ်ထားဖို့ညွှန်ကြားတာဟုတ်တယ်။ ဒါပေမယ့် ဒီဈေးကြီးတွေက သူတို့ဈေးသည်တွေနဲ့ ဈေးကော်မတီနဲ့ညှိပြီးတော့ ဈေးပိတ်ကြတာဖြစ်တယ်။ ခုလည်း ဈေးသည်တွေနဲ့ဈေးကော်မတီတွေက ဈေးတွေကိုပြန်ဖွင့်ချင်ပြီဆိုပြီး တောင်းဆိုလာတဲ့ချိန်မှာ ကျန်းမာရေးနဲ့ညီညွှတ်စွာရောင်းနိုင်ဖို့တွက် ဈေးဧရိယာပြင်ပတွေမှာ ခင်းရောင်းတာတွေရှိရင် လမ်းသွားလမ်းရာ ကြပ်မယ် တစ်ယောက်နဲ့တစ်ယောက် ၆ပေကွာရမယ်ဆိုတော့ လမ်းသွားလမ်းလာကျယ်အောင် အပြင်ဘက် ခင်းရောင်းတဲ့ခုံတွေစားပွဲတွေသိမ်းဖို့ မေလ ၁၇ရက်နေ့ကတည်းက ညွှန်ကြားထားပြီးသားဖြစ်တယ်။ လိုက်နာတဲ့ဈေးသည်ရှိသလို မလိုက်နာတဲ့ဈေးသည်ရ်ှိတယ်။ ကျနော်တို့ကွင်းဆင်းတဲ့ချိန်ကျတော့ သတ်မှတ်ချက်လိုက်မနာတဲ့ ဆိုင်ခန်းတွေရဲ့ ပစ္စည်းစားပွဲခုံတွေကို သိမ်းဖို့ ဈေးကော်မတီကိုပြောတော့ ဈေးကော်မတီက မလုပ်နိုင်ဘူးဆိုတဲ့ချိန်ကျ ကျနော်တို့စည်ပင်က သိမ်းရခြင်းဖြစ်တယ်။ ဒါပေမယ့် အပိုင်သိမ်းတာမဟုတ်ပါဘူး ပြန်ပေးမှာပါ” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောသည်။

အဆိုပါ စားပွဲ၊ သစ်သားခုံများကို မြို့နယ်စည်ပင်သာယာရေးရုံးထားထားသဖြင့် ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ပြန်လည်ယူနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

မြစ်ကြီးနားမြို့ရှိ ဈေးကြီး ၂ ခုကို ဖွင့်လှစ်ပြီးနောက် ပြည်နယ်အတွင်း အခြားမြို့နယ်များရှိ ဈေးများကိုလည်း အခြေအနေပေါ်ကြည့်ကာ ပြန်လည် ဖွင့်လှစ်သွားမည်ဟု ပြောသည်။

မြစ်ကြီးနား ဈေး(၁) နှင့် ဈေး(၂) တွင် ဆိုင်ခန်းပေါင်း ၁၈၈၀ ခန်းရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အသွားအလာကန့်သတ်မှုကို မေလ ၃၁ ရက်နေ့အထိ အစိုးရက သတ်မှတ်ထားသည်။

 

Show More

Related Articles

Back to top button